ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

၁၇-၂-၂၀၂၂ 

''ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်အား  အကောင်အထည် ဖော်ရေး ညှိနှိုင်းအစည်းအဝေး''ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာဦးစီးဌာန များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင် အမျိုးသမီး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
    ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲထားတဲ့ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) - (NSPAW)၏ အဓိကလုပ်ငန်း နယ်ပယ်(၁၂)ရပ်တွင် အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှုနှင့် အမျိုးသမီးများနှင့် စီးပွားရေးစသည့် နယ်ပယ်(၂)ရပ် ပါဝင်ပါကြောင်း၊ လက်ရှိဖြစ်ပွားလျက် ရှိသည့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသော လူမှုစီးပွားထိခိုက်မှုများသည် အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ပိုမိုထိခိုက် သက်‌ရောက်လျက်ရှိ ပါကြောင်း၊ လုပ်သားဦးရေလျှော့ချခြင်း၊ စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းခြင်းများကြောင့်လည်း အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ထိခိုက်လျက်ရှိကြောင်း၊နိုင်ငံလူဦးရေ ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး ၎င်းတို့အနက် ၅၁ ရာခိုင်နှုန်း ကျော်မှာ ကျေးလက်နေအမျိုးသမီးများ ဖြစ်သည့်အတွက် ကျေးလက်နေအမျိုးသမီးများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထည့်သွင်းစဉ်းစားခြင်းသည် နိုင်ငံသာယာဝပြောမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို  အရှိန်အဟုန် တိုးမြှင့်စေသော အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများကို လျော့ချနိုင်ရန် အတွက် ကျေးလက်နေအမျိုးသမီးများ၏ ဝင်ငွေရ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ အရှိန်မပျက် ပုံမှန်ရရှိစေရန်၊ ကိုဗစ်ကြောင့်ရပ်ဆိုင်းသွားရသည့် အငယ်စားစီးပွားရေး လုပ်ငန်း များ ပြန်လည်စတင်နိုင်ရန်နှင့် ဝင်ငွေမရှိသေးသည့် အမျိုးသမီးများအတွက်ကိုလည်း အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ပေးရန် လိုအပ်နေပါကြောင်း၊ လုပ်ငန်းစီမံချက်၏ ရည်ရွယ်ချက်မှာ ကျေးလက်နေ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရန်၊ ကျေးလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်း သင်တန်းများမှတစ်ဆင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် နှင့် အမျိုးသမီးများ အသိပညာ ဗဟုသုတတိုးပွားလာပြီး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှု အားကောင်းလာစေရန်တို့ ဖြစ်ပါ ကြောင်း၊ တက်ရောက်လာကြသည့် ဌာန/အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက်  မိမိတို့နှင့် သက်ဆိုင်သည့်ကဏ္ဍများတွင် ပါဝင်ဆောင်ရွက် ပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ 
    ''ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်'' ကို လူမှုဝန်ထမ်းဦးစီး ဌာနမှ ဦးဆောင်၍  နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သာယာကုန်းကျေးရွာနှင့် တပ်ကုန်းမြို့နယ် သကြားဟင်းအိုးကျေးရွာတို့နှင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွေ ကျေးရွာနှင့် တိမ်ညိုကျေးရွာတို့တွင်  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း အချက်အလက်များ ကောက်ယူခဲ့ပြီး တွေ့ရှိချက်များအပေါ် အခြေခံ၍ စီမံချက်အား ရေးဆွဲထားခြင်းဖြစ်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

FacebookTwitter