လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊ မတ်လအထိ (၆)လ ဘတ်ဂျက်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးများပေးအပ်ခြင်း အခမ်းအနားကျင်းပ သတင်းစဉ်

 ၂၁.၂.၂၀၂၂                                                                                                                                                                      နေပြည်တော် 
၁။     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လ ဘတ်ဂျက်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည်ထောင်ဖွင့်လှစ်ထားရှိသော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများအတွက် ထောက်ပံ့ကြေးများပေးအပ်သည့် အခမ်းအနားကို Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် ဂေဟာ/ရိပ်သာအသီးသီးက တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

၂။     အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိရာမှာ ယခု ၂၀၂၁ခုနှစ်၊ အောက်တိုဘာ မှ ၂၀၂၂ခုနှစ်၊ မတ်လအထိ (၆) ဘတ်ဂျက်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည်ထောင်ဖွင့်လှစ်ထားရှိသော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများအပါအဝင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ယခုနှစ်အတွက် ထောက်ပံ့ကြေးများပေးအပ်ခြင်းကို (၁၇.၁၀.၂၀၂၁)ရက်‌နေ့မှာ ဧရာဝတီတိုင်း‌ဒေသကြီးနဲ့ (၁၆.၁.၂၀၂၂) ရက်နေ့မှာ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ထောက်ပံ့ပေးအပ်ခဲ့ပြီးကျန်ရှိနေတဲ့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် (၁၃)ခုသို့ ယခု Online မှ တွေ့ဆုံ၍ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ အခန်း(၆) “သင်တန်းကျောင်း၊ ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေး ဂေဟာများတည်ထောင်ဖွင့်လှစ်ခြင်းနှင့်ကြီးကြပ်ကွပ်ကဲခြင်း”အရ ဥပဒေနှင့်အညီ တည်ထောင် ခွင့်ပြုမိန့်မှတ်ပုံတင်ရရှိဖို့အတွက်လည်း လျှောက်ထားရမှာဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအနေဖြင့်လည်း ဂေဟာ/ရိပ်သာများကို တည်ထောင်ဖွင့်လှစ်ရာမှာ ဂေဟာ/ ရိပ်သာရှိ လက်ခံစောင့်ရှောက်ထားသူများကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်သည့် အခြေခံကောင်းများ စီစဉ်ပေးရမှာဖြစ်ကြောင်း၊ ဂေဟာရိပ်သာများအနေဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့မှလည်း ဂေဟာ/ရိပ်သာဖွင့်လှစ်ခြင်းကို သိရှိထောက်ခံချက်ရရှိရန် လိုအပ်ပြီး ဂေဟာ/ရိပ်သာတိုင်းအတွက်ကြီးကြပ်မှုကော်မတီကိုလည်းစနစ်တကျနဲ့ ခိုင်မာအားကောင်းစွာ ဖွဲ့စည်းထားဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

၃။     ဆက်လက်၍ ဒုတိယဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် ရပ်ရွာအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ တည်ထောင်ဖွင့်လှစ်ထားသော ဂေဟာ/ရိပ်သာများအား သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တည်ထောင်ခွင့်ပြုမိန့်များ ပေးအပ်ခြင်း၊ ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ နည်းပညာအကူအညီများပေးအပ်ခြင်းနှင့် ကြီးကြပ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  “စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ တည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင်ခြင်းနှင့် ထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန်နှင့် ဂေဟာသင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများ”ကိုလည်း ၂၀၁၇ ခုနှစ်အတွင်း  ပြင်ဆင်၍ ထုတ်ပြန်ထားရှိပြီးဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်တဲ့ ပရဟိတဂေဟာများ/ရိပ်သာများအနေနဲ့လည်း မိမိတို့လက်ခံစောင့်ရှောက်ထားတဲ့ ကလေးသူငယ်များ၊ ဘိုးဘွားများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ၎င်းတို့ရဲ့အခွင့်အရေးများကို ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် မွေးကင်းစကလေးသူငယ်များကို လက်ခံစောင့်ရှောက်ထားရှိတဲ့ ဂေဟာများအနေဖြင့် ကလေးသူငယ်တွေရဲ့ အသက်အရွယ်အလိုက် အာဟာရ၊ ကာကွယ်ဆေးများအပါအဝင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့မှာ အရေးကြီးပါကြောင်း၊ ကျွမ်းကျင်တဲ့ ကလေးပြုစုစောင့်ရှောက်သူများ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

၄။     ဆက်လက်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများက ဂေဟာ/ရိပ်သာတာဝန်ခံများကို ထောက်ပံ့ကြေးများ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် (၁၃)ခုရှိ ဂေဟာ/ရိပ်သာများသို့ ယနေ့ထောက်ပံ့ငွေမှာ ကျပ်(၁၄၃၀.၃၁၃)သန်းဖြစ်ပြီး ကချင်ပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေမှာ ကျပ်(၁၅၂.၂၃၇)သန်း ဖြစ်ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လ ဘတ်ဂျက်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခုရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (၂၁၆)ခု၊ ဘိုးဘွားရိပ်သာ (၈၅) ခု၊  အမျိုးသမီးဂေဟာ(၁၅)ခု၊ မသန်စွမ်းဂေဟာ (၁၁)ခု၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၀၂၇) ကျောင်း၊ စေတနာမူလတန်းညကျောင်း (၈)ကျောင်းနှင့် လူငယ့်ရိပ်သာ (၆)ခုတို့အတွက် ထောက်ပံ့ကြေးစုစုပေါင်း ကျပ် (၁၅၈၂.၅၅၁)သန်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ 

၅။     ဆက်လက်ပြီး ဂေဟာ/ရိပ်သာများကိုယ်စား ကရင်ပြည်နယ်၊ ကော့ဝန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးစောအုန်းတင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ 

၆။     ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဂေဟာ/ရိပ်သာများရဲ့ ထောက်ပံ့ကြေးများအတွက်နှစ်စဉ်ရရှိသောဘက်ဂျက်ရန်ပုံငွေအပေါ်မူတည်၍ ထောက်ပံ့ကြေးများကို ခွဲဝေချထားပေးခြင်းဖြစ်ပြီး ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီစနစ်တကျသုံးစွဲခြင်း၊ စာရင်း စစ်ဆေးခံယူခြင်းနှင့် ဂေဟာ/ရိပ်သာများရှိ ပြုစုစောင့်ရှောက်ထားသူများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးတဲ့နေရာမှာ ၎င်းတို့၏အခွင့်အရေးများကို ကာကွယ်‌စောင့်ရှောက်ပေးနိုင်ရေး နှင့် ယခုလိုစေတနာ့ဝန်ထမ်းဂေဟာ/ရိပ်သာအဖြစ် ကိုယ့်အားကိုယ်ကိုး ဖွင့်လှစ်တည်ထောင်၍ ပြုစုစောင့်ရှောက်ပေးတဲ့အတွက်လည်း နိုင်ငံတော်ကိုယ်စား စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ဂေဟာ/ ရိပ်သာများ အားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး အခမ်းအနားကို နံနက် (၁၁:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter