ထောက်ပံ့ကြေးငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ
၂၂-၂-၂၀၂၂ နေပြည်တော်
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ယူ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်(MCCT)အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အဆိုပါအစီအစဉ်အတွက် ထောက်ပံ့ကြေးငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ယနေ့ နံနက်(၁၀း၀၀)နာရီတွင် Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ ဦးဆောင်သော တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
၂။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဒီကနေ့အစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ယူပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအစီအစဉ်ဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (MCCT) အကောင်အထည်ဖော်မှုနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးလိုခြင်းနှင့် အဆိုပါအစီအစဉ်အတွက် ထောက်ပံ့ကြေးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ပါကြောင်း၊ MCCT အစီအစဉ်အနေနဲ့ ၂၀၂၁-၂၀၂၂ ခု၊ (၆)လ ဘဏ္ဍာရေးနှစ်ရဲ့ ပထမ(၃) လပတ်အတွက် ထောက်ပံ့သွားမှာဖြစ်ပြီး အကျိုးခံစားခွင့်ရှိသူပေါင်း (၁၅၅,၁၇၁) ဦးဖြစ်ပြီး စုစုပေါင်းထောက်ပံ့ကြေးမှာ ကျပ် (၆၈၁၅.၇၃၀) သန်း ဖြစ်ပါကြောင်း၊ ယခင်ဆောင်ရွက်နေကြနည်းလမ်းအတိုင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတဆင့် ငွေသားတိုက်ရိုက် ထောက်ပံ့ပေးသွားမှာဖြစ်ပါကြောင်း၊ အစီအစဉ် အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရေးမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ အခန်းကဏ္ဍက အထူးအရေးကြီးပါကြောင်း၊ ကြီးကြပ်ဆောင်ရွက်ပေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အဓိကအားဖြင့် ငွေထုတ်စာရင်းအလိုက် သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်များမှ ထောက်ပံ့ကြေးငွေ အဆင်ပြေပြေ ထုတ်ယူနိုင်ရေးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် မြေပြင်ထောက်ပံ့မှု အဆင်ပြေပြေ ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါဘေး ကြုံတွေ့နေရချိန်မှာ ထောက်ပံ့ကြေးဟာ အကျိုးခံစားခွင့်ရှိသူများအတွက် အမှန်တကယ်အထောက်အကူဖြစ်စေမှာဖြစ်တဲ့အတွက် အားလုံးဝိုင်းဝန်းပြီး ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခင်ဘဏ္ဍာရေးနှစ်က ကူညီဆောင်ရွက်ပေးခဲ့သည်များကိုလည်း အထူးပဲကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ အချိန်ပေးတက်ရောက်ပေးကြတဲ့အတွက် ဝန်ကြီးဌာနကိုယ်စား အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
၃။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် အမှာစကားပြောကြားရာ၌ ယခုလိုကပ်ရောဂါဘေးကြုံတွေ့နေရတဲ့ အခိုက်အတန့်မှာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များဟာ အကျိုးခံစားခွင့်ရှိသူ ပြည်သူတွေအတွက်များစွာ အထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရပြည့်ပြည့်ဝဝ စားသောက်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမယ်လို ယုံကြည်ပါကြောင်းနှင့် အကျိုးခံစားခွင့်ရှိသူ ပြည်သူတွေအတွက် အမှန်တကယ် အကျိုးရှိစေမည့်ကိစ္စဖြစ်တဲ့အတွက် အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။
၄။ ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၏ အရေးပါမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပေါင်းစပ်ညှိနှိုင်းလိုသည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၅။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဧရာဝတီတိုင်းဒေသကြီး အစိုးရဖွဲ့၊ တာဝန်ရှိသူများက ဆွေးနွေးပြောကြားခဲ့ပြီး ၂၀၂၁-၂၀၂၂ခု၊ (၆)လ ဘဏ္ဍာရေးနှစ်၏ ပထမ(၃)လပတ်အတွက် အကျိုးခံစားခွင့်ရှိသူပေါင်း (၁၅၅,၁၇၁)ဦးအတွက် စုစုပေါင်းထောက်ပံ့ကြေးကျပ် (၆၈၁၅.၇၃၀)သန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းထံသို့ ဝန်ကြီးဌာနကိုယ်စား ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်နော်သဝါးက လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
၆။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားအား နံနက်(၁၁း၁၅) တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။