လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဝန်ကြီးဌာနမိသားစု၏ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်သို့ ပါဝင်တက်ရောက်ခြင်းနှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးတို့အား လက်ခံတွေ့ဆုံခြင်းများဆောင်ရွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မိသားစု၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က နှစ်သစ်ကူးအခါသမယတွင် ဝန်ကြီးဌာနမိသားစုများအားလုံး အေးချမ်းပျော်ရွှင်ပါစေကြောင်းနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကိုထမ်းရွက်ရာတွင် ကိုယ်စီတာဝန်များကျေပွန်စွာဖြင့် ဆထက်ထမ်းပိုးတိုးတက်ဆောင်ရွက်နိုင်ကာ အောင်မြင်မှုများရရှိပါစေကြောင်း နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ဝန်ကြီးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနများရှိ ဝန်ထမ်းများမှယိမ်းအကအဖွဲ့များဖြင့် သင်္ကြန်သီချင်းများ သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက တက်ရောက်လာသူများအား အတာရေများပက်ဖြန်းပေးခဲ့ကြကာ ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး ဝန်ကြီးဌာနဝန်ထမ်းများအနေဖြင့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.   Mr. Vinay Kumar ကို အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းက လက်ခံတွေ့ဆုံခဲ့ပါသည်။ 
တွေ့ဆုံရာတွင် အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံတွင် လူထုအကျိုးပြုစီမံချက်များဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွက် ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်နေမှုအခြေအနေ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနယ်ပယ်တွင် အိန္ဒိယနိုင်ငံဘက်က နည်းပညာမျှဝေပေးနိုင်မှုအခြေအနေများ၊ အာဆီယံက မြန်မာနိုင်ငံသို့လူသားချင်းစာနာမှုအကူအညီ  (Phase-2) ပေးအပ်ရန်အတွက် လက်ရှိညှိနှိုင်းနေသည့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့လှူဒါန်းသော ဆန်နှင့်ဂျုံများဆိပ်ကမ်းမှ အမြန်ထုတ်ယူရေးနှင့်ဖြန့်ဝေရန် ကိစ္စများအားဆွေးနွေးခဲ့ပါသည်။
 

FacebookTwitter