အိန္ဒိယနိုင်ငံမှ လှူဒါန်းသော ဆန်နှင့်ဂျုံများအား ရန်ကုန်တိုင်းဒေသကြီးအတွင်း ထုတ်ယူဖြန့်ခွဲနိုင်ရေးညှိနှိုင်းပေါင်းစပ်ဆောင်ရွက်

အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ ဆန်နှင့်ဂျုံများထောက်ပံ့လှူဒါန်းလိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဆက်သွယ်လာမှုအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ညှိနှိုင်းကာ စုစုပေါင်း ဆန်တန်ချိန်(၁၀,၀၀၀)တန်နှင့် ဂျုံတန်ချိန်(၂၀၀)တန်တို့ကို လက်ခံနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသည့် ဆန်နှင့်ဂျုံများအနက် ဆန်တန်ချိန် (၇၅၆၀) ပါရှိသည့် ကုန်သေတ္တာ (၂၈၀)လုံးသည် Asia World ဆိပ်ကမ်းနှင့်ဆန်(၂၄၄၀)တန်ပါရှိသည့် ကုန်သေတ္တာ(၉၀)လုံးသည် Myanmar Industry Port(MIP) ဆိပ်ကမ်းသို့ (၁၇-၃-၂၀၂၂) ရက်နေ့တွင်လည်းကောင်း၊ ဂျုံတန်ချိန်(၂၀၀)ပါရှိ သည့်ကုန်သေတ္တာ(၉)လုံးမှာ(၃၀-၃-၂၀၂၂)နေ့တွင် MIP ဆိပ်ကမ်းသို့လည်းကောင်း အသီးသီးဆိုက်ကပ်ရောက်ရှိလာရာ ဆန်နှင့်ဂျုံများ ထုတ်ယူနိုင်ရေးအတွက်သွင်းကုန်ပါမစ်၊ အကောက်ခွန်နှင့်ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရရှိရေး၊ အထူးအမိန့် (Special Order) ဖြင့် ထုတ်ယူခွင့်နှင့် Dilivery Order ရရှိရေးကိစ္စများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး (၅-၄-၂၀၂၂) ရက်နေ့မှ (၁၁-၄-၂၀၂၂) ရက်နေ့အထိ ဆန်ကုန်သေတ္တာ (၄၇)လုံး (ဆန်အိတ်ပေါင်း-၂၅,၃၅၄ အိတ်)၊ ဂျုံကုန်သေတ္တာ(၉)လုံး (ဂျုံအိတ်ပေါင်း-၄,၀၀၀ အိတ်) တို့ကို ထုတ်ယူခဲ့ပြီးဖြစ်ပါသည်။
အဆိုပါ အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသည့် ဆန်နှင့်ဂျုံများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)မှ တဆင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းစားနပ်ရိက္ခာ အခက်အခဲရှိသော ပြည်သူများအား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး  ထုတ်ယူရန်ကျန်ရှိသည့် ဆန်နှင့်ဂျုံများကို အမြန်ဆုံးဆက်လက်ထုတ်ယူ ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ထုတ်ယူဖြန့်ခွဲမှု သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ ရန်ပုံငွေ(GRF)မှ ခွင့်ပြုချက်ဖြင့် ကျခံသုံးစွဲထောက်ပံ့ပေးခြင်း ဖြစ်ကြောင်းသတင်း ရရှိပါသည်။ 
 

FacebookTwitter