ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ပဲခူးတိုင်းဒေသကြီးအတွင်း အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ ပရဟိတဂေဟာ/ရိပ်သာများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ သိုလှောင်ရုံအားစစ်ဆေးခြင်း၊ ဝန်ကြီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံခြင်းများဆောင်ရွက်

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်သော ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ (၂၅-၄-၂၀၂၂) ရက်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးလုပ်ငန်း၊ ကိုဗစ်(၁၉) ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအပါအဝင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး/ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများစသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အရှိန်အဟုန်မပြတ်ထိရောက်မြန်ဆန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ရမည့်အချက်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၃၀,၃၅၀) ဦးအတွက် တစ်ဦးလျှင် နိုင်ငံတော်မှ လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၃၀,၀၀၀ိ/-) နှုန်းဖြင့် ကျပ်ငွေ (၉၁၀,၅၀၀,၀၀၀) ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တည်ထောင်ထားရှိသော ပရဟိတ ဂေဟာ/ရိပ်သာများအတွက် ထောက်ပံ့ငွေကျပ် (၈၆,၀၇၉,၀၀၀) ကိုလည်းကောင်း စသည့်စုစုပေါင်း ထောက်ပံ့ငွေကျပ် (၉၉၆,၅၇၉,၀၀၀) ကိုထောက်ပံ့ပေးအပ်ခဲ့ရာ အကျိုးခံစားခွင့်ရှိသူများ ကိုယ်စား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်သောတာဝန်ရှိသူများက လက်ခံခဲ့ကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (သိုလှောင်ရုံ) သို့ ရောက်ရှိကြပြီး ကယ်ဆယ်ရေးပစ္စည်းများ အိမ်ထောင်စု (၁၀၀၀) စာ သိုလှောင်ထားရှိမှုအခြေအနေများ၊ အလှူပစ္စည်းများနှင့် ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများဖြစ်သည့် မိုးကာစ၊ သွပ်၊ မိုးကာတဲ၊ တာပေါ်လင်၊ ရေစည်စသည့် ပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေများနှင့် ဖြန့်ခွဲထားရှိမှုအခြေအနေများကို တိုင်းဒေသကြီး ဦးစီးမှူးကရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သိုလှောင်ရုံ ကြံ့ခိုင်ကောင်းမွန်ရေး၊ ပစ္စည်းများလေလွင့်မှုမရှိစေရေး၊ သိုလှောင်ရုံလက်စွဲအတိုင်းစနစ်တကျထိန်းသိမ်းထားရှိရေးနှင့် အသင့်ဖြန့်ခွဲထောက်ပံ့နိုင်ရေးတို့အတွက် ဆောင်ရွက်ရမည့်အချက်များအား လမ်းညွှန်မှာကြားခဲ့ကြပါသည်။

    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်သော ပဲခူးခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမှာစကားများအသီးသီး ပြောကြားခဲ့ကာ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးများက တိုင်းဒေသကြီး အတွင်းလုပ်ငန်းဆောင်ရွက်ချက်များ၊ အားသာချက်/အားနည်းချက်များ၊ အခက်အခဲများနှင့်ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့်အချက်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များအား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter