လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့်ကာကွယ်စောင့်ရှောက်ရေး စီမံချက်တွင်ပါဝင်မည့် “စေတနာ့ဝန်ထမ်း Volunteer များအား အသိပညာပေးသင်တန်း”နှင့် မသန်စွမ်းသူများအတွက် ပုဂ္ဂလိကပညာသင်၊ အသက်မွေးမှု အထူးသင်တန်းကျောင်း၊ ပြန်လည်ထူထောင်ရေးဌာနများနှင့် ညှိနှိုင်းအစည်အ‌ဝေး

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ စီစဉ်မှုဖြင့် “လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက် ရေးစီမံချက်” တွင် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်း Volunteer များအား အသိပညာပေးသင်တန်းကို (၂၅.၄.၂၀၂၂) ရက်နေ့မှ (၂၇.၄.၂၀၂၂) ရက်နေ့အထိ Online အစီအစဉ်ဖြင့်  ဖွင့်လှစ်လျက်ရှိရာ (၂၆.၄.၂၀၂၂) ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက စေတနာ့ဝန်ထမ်း Volunteer များအား  Online  ဖြင့်တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပါသည်။ 

    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကလေးသူငယ်များဟာ အနာဂတ်နိုင်ငံရဲ့ရတနာများဖြစ်တာကြောင့် ကောင်းမွန်စွာရှင်သန်ကြီးပြင်းဖို့လိုအပ်ပါကြောင်း၊ သို့ရာတွင် လူမှုစီးပွားအခြေအနေများအရ ယနေ့မြို့ကြီးများမှာ လမ်းပေါ်နေကလေးသူငယ်တွေကို ပုံစံမျိုးစုံနဲ့ မြင်တွေ့ကြားသိနေရသည်မှာ အလွန်စိတ်ထိခိုက်ဖွယ်ဖြစ်ရပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုများ၊ သဘာဝဘေးအန္တရာယ် အခြေအနေများ၊ တိုးပွားလာတဲ့ လူဦးရေ ပမာဏ၊ ကိုဗစ်-၁၉ ကဲ့သို့ ကပ်ရောဂါများဖြစ်ပွားမှု၊ စီးပွားရေးသက်ရောက်မှုများအရ မိဘမဲ့ကလေးသူငယ်၊ စွန့်ပစ်ခံ ကလေးသူငယ်၊ လမ်းပေါ်နေကလေးသူငယ်၊ ကလေးလုပ်သား၊ အကြမ်းဖက်ခံရသော ကလေးသူငယ်စသည်ဖြင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်တဲ့ ကလေးသူငယ်များ တိုးတက်များပြားနေတာကို တွေ့ရှိရပြီး ဒါဟာမိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခိုင်မာတိကျတဲ့ ဥပဒေများ၊ မူဝါဒများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ ချမှတ်ခြင်းအပြင် စေတနာ့ဝန်ထမ်း Volunteer များကို စနစ်တကျသင်ကြား လေ့ကျင့်မွေးထုတ်ပေးဖို့လည်း လိုအပ်လျက်ရှိတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းအင်အားဖွဲ့စည်းပုံအရ ခရိုင်နှင့် မြို့နယ်တိုင်းမှာ ဝန်ထမ်းများခန့်အပ်နိုင်ခြင်း မရှိသေးတာကြောင့် စေတနာ့ဝန်ထမ်း Volunteer များရဲ့ အင်အားကိုရယူပြီး ယခုလို ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းမှာ အားဖြည့်ကူညီဖို့ စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများဟာ ရပ်ရွာအတွင်း အခြေချနေထိုင်သူများဖြစ်ပြီး ရပ်ရွာဒေသရဲ့ လက်ရှိအခြေအနေကို ကောင်းစွာသိမြင်နိုင်ကြသူများ ဖြစ်တဲ့အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကလေးသူငယ်များရဲ့အကျိုးစီးပွားအတွက် အကောင်းဆုံးပံ့ပိုးဖြည့်ဆည်းပေးနိုင်မှာလည်းဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်‌ရှောက်ရေးအတွက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ မှ စတင်၍ ကနဦးစီမံချက် မြို့နယ်များ ရွေးချယ်ခြင်း၊ ရန်ပုံငွေများ သတ်မှတ်လျာထားခြင်း၊ လမ်းပေါ်နေကလေးများအတွက် နားခိုရာနေရာ (Drop in Center) များ သတ်မှတ်ခြင်း၊ စီမံချက် ကာလသတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း Volunteer များ အနေနဲ့လည်းလုပ်ငန်းများဆောင်ရွက်တဲ့နေရာမှာ မည်သို့ပင် အခက်အခဲများနှင့် ကြုံတွေ့ရစေသော်လည်း စေတနာ့ဝန်ထမ်းများရဲ့သည်းခံစိတ်၊ စာနာနားလည်စိတ် “မေတ္တာ၊ စာဂ၊ ဝီရိယ” တို့ဖြင့် မိမိတို့ရဲ့အချိန်၊ လုပ်အားအကူအညီများဖြင့် စီမံချက်ဒေသများဖြစ်တဲ့ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်၍ လမ်းပေါ်နေကလေးသူငယ်များအတွက် ပံ့ပိုးဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များတက်ရောက်ခဲ့ပြီး စီမံချက်နယ်မြေ (၃) ခုရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်း Volunteer (၈၅) ဦးတို့မှ Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။

      အလားတူ (၂၇-၄-၂၀၂၂) ရက်နေ့ မွန်းလွဲပိုင်းတွင် မသန်စွမ်းသူများအတွက် ပုဂ္ဂလိကပညာသင် အထူးကျောင်း၊ ပုဂ္ဂလိကအသက်မွေးမှု အထူးသင်တန်းကျောင်း၊ ပုဂ္ဂလိက ပြန်လည်ထူထောင်ရေးဌာနများနှင့် ညှိနှိုင်းအစည်းအဝေးကို အဆိုပါဝန်ကြီးရုံး EC ခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများ၊ မသန်စွမ်းသင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ မသန်စွမ်းပုဂ္ဂလိက အထူးကျောင်းများမှ တာဝန်ခံများကအွန်လိုင်းမှတဆင့်တက်ရောက်ခဲ့ကြပါသည်။

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ အပါအဝင် သက်ဆိုင်ရာ ဦးတည်အုပ်စုများဖြစ်ကြသော ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ထိခိုက်လွယ်အုပ်စုများအတွက် အခွင့်အရေးများ ဖော်ဆောင်ပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းတို့ကို အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့်အညီ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊    ၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ (၁၂.၈) ရာခိုင်နှုန်းဖြစ်သည့် (၅.၉၆၈) သန်းသည် တစ်မျိုး (သို့) တစ်မျိုးထက်ပိုသော မသန်စွမ်းမှုများကို ခံစားနေရသူများဖြစ်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း၏ မသန်စွမ်းလူဦးရေ (၂.၃) သန်းနှင့် နှိုင်းယှဉ်ကြည့်ပါက (၂) ဆကျော် မြင့်တက်လာသည်ကို တွေ့ရှိရသည့်အတွက် အစိုးရလက်အောက် မသန်စွမ်းကျောင်းများသာမက မသန်စွမ်းပုဂ္ဂလိက အထူးကျောင်းများ၏ အခန်းကဏ္ဍများသည်  အရေးကြီးသောအစိတ်အပိုင်းဖြစ်လာပါကြောင်း၊ ထို့ကြောင့် မသန်စွမ်းကလေးများအား နည်းစနစ်တကျ သင်ကြားနိုင်ပြီး ပြုစုစောင့်ရှောက်တတ်သော ကျွမ်းကျင်ဆရာ၊ ဆရာမများ ထွက်ပေါ်လာစေရန် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံအထူးပညာရေးအသင်း (MSEA) တို့ ပူးပေါင်း၍ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ အထူးဂရုပြုစောင့်ရှောက်ရန်  လိုအပ်သော ကလေးများအတွက် အခြေခံသင်တန်း Pre Level-1 နှင့် နည်းပြသင်တန်း  Pre Level-2 သင်တန်း (၃၃) ကြိမ် ကို ဖွင့်လှစ်နိုင်ခဲ့ပြီး စုစုပေါင်း အခြေခံသင်တန်း ဆရာ (၄၈) ဦးနှင့် အဆင့်မြင့်သင်တန်းဆရာ (၁၅၅၀) ဦး တို့ကို သင်တန်းပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ၊ အခန်း (၁၃) နှင့် နည်းဥပဒေများ၊ အခန်း (၁၀) တို့တွင် ပုဂ္ဂလိကပညာသင်အထူးကျောင်း၊ ပုဂ္ဂလိက အသက်မွေးမှုအထူးသင်တန်းကျောင်းနှင့် ပုဂ္ဂလိကပြန်လည်ထူထောင်ရေးဌာနများ တည်ထောင်ဖွင့်လှစ်ခြင်းကိုဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တရားဝင်ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း၊ ယခုအချိန်အထိ တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားလာသည့် မသန်စွမ်းပုဂ္ဂလိက အထူးကျောင်းများအနက် "စံ" သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန် စွမ်း ပုဂ္ဂလိကအထူးကျောင်း (၈) ကျောင်းအား တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးထားပါကြောင်း၊  တည်ထောင်ဖွင့်လှစ်ခွင့်ရရှိသော ကျောင်းများအနေဖြင့် သတ်မှတ်ထားသည့်ခွင့်ပြုမိန့်ထုတ်ပေးခကို မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅)၊ အခန်း (၁၅)၊ ပုဒ်မ (၆၉)၊ ပုဒ်မခွဲ (ဃ) အရ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာရန်ပုံငွေသို့ ထည့်သွင်းရမှာဖြစ်ပါကြောင်း၊ အခြားတည်ထောင်ခွင့်ပြုမိန့်မရရှိသေးသော မသန်စွမ်းပုဂ္ဂလိက အထူးကျောင်းများအနေဖြင့် တည်ထောင်ဖွင့်လှစ်ခြင်းကို  ဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိစေရေး မဖြစ်မနေ လျှောက်ထားကြရန် တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့ပါသည်။

     ထို့နောက် ဒုတိယဝန်ကြီးက အမှာစကား‌ပြောကြားရာတွင် မိမိတို့နိုင်ငံကဲ့သို့ အထူးပြုစုစောင့်ရှောက်ရန်လိုအပ်သော မသန်စွမ်းကလေးအရေအတွက်နှင့် အထူးကျောင်းအရေအတွက် အချိုးမညီမျှမှုကြောင့် မသန်စွမ်းပုဂ္ဂလိကကျောင်းများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ မသန်စွမ်းသူများသည် Disabled Persons များမဟုတ်ကြဘဲ Differently Able Persons များဖြစ်ကြသည့်အတွက်  ၎င်းတို့၏စွမ်းဆောင်နိုင်မှုများ၊ အားသာချက်များကို အလေးထားရမှာ ဖြစ်ပါကြောင်း၊ သူတစ်ပါးအပေါ်မှီခိုနေရခြင်းမှ မသန်စွမ်းသူများကိုယ်တိုင် နိုင်ငံတော်အတွက် ထောက်ပံ့ပေးကြသူများဖြစ်လာနိုင်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် မသန်စွမ်းပုဂ္ဂလိကအထူးကျောင်း  (၂၂) ကျောင်းမှ တာဝန်ခံများက မသန်စွမ်းပုဂ္ဂလိကအထူးကျောင်းများ၏ တည်ထောင်ဖွင့်လှစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် တွေ့ကြုံရသည့် အခြေအနေများနှင့် လိုအပ်ချက်များအား အသီးသီး ဆွေးနွေးတင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter