ပြည်ထောင်စုဝန်ကြီး လားရှိုးမြို့ ဆင်းရွှေလီဘိုးဘွားရိပ်သာ၊သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော်တို့အားသွားရောက်ဖူးမျှော်ခြင်းနှင့် နေပြည်တော်တွင်လူမှုရေးပင်စင်ကိန်းဂဏန်းအချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့တက်ရောက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်နိုင်နိုင်ဦးတို့ ဦးဆောင်သော တာဝန်ရှိသူများသည် (၂၄-၅-၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ ဆင်းရွှေလီဘိုးဘွားရိပ်သာသို့ရောက်ရှိကြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သောတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ဆင်းရွှေလီဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌဦးဆောင်သောတာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းမှူးနှင့်အဖွဲ့သည် ဘိုးဘွားများအား ဦးခိုက်ကန်တော့ကြပြီး ဘိုးဘွားများအတွက် ဝန်ကြီးဌာနမှ ထောက်ပံ့ငွေများ၊ အလှူရှင်စေတနာရှင်များမှ ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းခဲ့ကြရာဆင်းရွှေလီ ဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌဦးဆောင်သော တာဝန်ရှိသူများက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းမှူးနှင့်အဖွဲ့သည် ဆင်းရွှေလီဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့ကြပါသည်။ ထို့နောက် ဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများက ဘိုးဘွားရိပ်သာဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်း၊ စေတနာရှင်များ၏ အလှူရန်ပုံငွေဖြင့် ရိပ်သာလည်ပတ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် အတည်ပြုပြဌာန်းပြီးဖြစ်သည့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာစီမံချက်ပါ လုပ်ငန်းစဉ်များနှင့်အညီ သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရှိစေရေးအတွက်နိုင်ငံတော်မှ အသက် (၈၅) နှစ်နှစ်နှင့်အထက် ဘိုးဘွားများအတွက် (၁) လလျှင် ထောက်ပံ့ငွေ (၁၀,၀၀၀) ကျပ်နှုန်းဖြင့် (၃) လ (၁) ကြိမ်ထောက်ပံ့ပေးနေမှုအခြေအနေများ စေတနာ့ဝန်ထမ်းပရဟိတအဖွဲ့အစည်းများမှ တည်ထောင်ထားရှိသောဂေဟာ/ ရိပ်သာများအတွက်ဝတ်စုံစရိတ်၊ စားစရိတ်၊ အဆောင်ဂေဟာမှူးလစာစရိတ်များတစ်စိတ်တစ်ဒေသကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့်ထောက်ပံ့ပေးနေမှုအခြေအနေများ၊ ဘိုးဘွားများအားနည်းစနစ်တကျပြုစုစောင့်ရှောက်နိုင်ရေး ရိပ်သာဝန်ထမ်းများ အနေဖြင့် Care Giver သင်တန်းတက်ရောက်ရန်လိုအပ်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့် ရင်းရင်းနှီးနှီးအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းမှူးတို့ဦးဆောင်သောအဖွဲ့သည် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်သို့ရောက်ရှိကြပြီး ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ ဒေါက်တာဘဒ္ဒန္တပုညနန္ဒအား ဦးခိုက်ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။  ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းမှူးတို့ ဦးဆောင်သောအဖွဲ့သည် ဆရာတော်ထံမှ ဩဝါဒခံယူကာ ကျောင်းတိုက်အတွင်းရှိ သီရိရတနာ ဆွမ်းစားကျောင်းဆောင်တွင် ဆရာတော်အမှူးပြုသော စာသင်စာချ ရဟန်း သံဃာများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းလောင်းလှူခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တိုင်းမှူး၊ ကျောင်းတိုက်အကျိုးတော်ဆောင် ဥက္ကဌဦးဆောင်သောတာဝန်ရှိသူများ၏ ဦးဆောင်ပြသမှုဖြင့် ကျောင်းတိုက်ရှိ သီရိသုခဆောင်တွင် ကိန်းဝပ်စံပယ်နေသော ဓါတ်တော်မွေတော်များနှင့် မဟာဗုဒ္ဓဝင်ပြတိုက်တို့သို့ ရောက်ရှိဖူးမျှော်ကြည်ညိုကြပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်ရှိ စာသင်စာချရဟန်း သံဃာများအတွက် နေ့ဆွမ်းဘောဇဉ်လှူဒါန်းငွေများကို ကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒထံ ဆက်ကပ်လှူဒါန်းခဲ့ကာ သာဓုအနုမောဓနာခေါ်ဆိုခဲ့ကြပါသည်။

    ဆက်လက်၍ (၂၅.၅.၂၀၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပပြုလုပ်သော လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်နှင့် စပ်လျဉ်းသည့် လူမှုရေးပင်စင် ကိန်းဂဏန်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ 

    ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့အလုပ်ရုံ ဆွေးနွေးပွဲသည် လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ထိခိုက်လွယ်အုပ်စုတွင်ပါဝင်သည့် အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ခုနှစ်မှစတင်၍ ယခု ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုရေးပင်စင်အစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စာရင်းဇယား၊ အချက်အလက်မှန်ကန်ရေးသည်များစွာအရေးကြီးပါကြောင်း၊ ထို့အတွက် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ ယနေ့ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းတို့မှ ဝန်ထမ်းများနှင့် ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့ဖြင့် (၂) ကြိမ်ခွဲ၍ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဟုသိရှိရပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှရရှိမည့် သိသင့်သိထိုက်သည့် နည်းပညာပိုင်းဆိုင်ရာအတွေ့အကြုံ၊ ဗဟုသုတများကို ကြိုးစားလေ့လာသင်ယူ၍ လူမှုဝန်ထမ်းလုပ်ငန်းရပ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှု၊ စေတနာ၊ လူမှုဝန်ထမ်းစိတ်ဓာတ်တို့ပေါင်းစပ်၍ လူမှုဘဝအခက်အခဲများကို ကူညီကယ်ဆယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ တစ်ဦးချင်းဆောင်ရွက်မှုတို့ကို အသိအမှတ်ပြုပါကြောင်း၊ တစ်ဦးချင်းတစ်ယောက်ချင်း တိုးတက်မှုအဆင့်ဆင့်မှစ၍ နိုင်ငံတော်အဆင့်ထိတိုးတက်မှုရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် တက်ရောက်လာကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ သင်တန်းသား/ သင်တန်းသူများမှ သင်တန်း (၃) ရက်တာကာလအတွင်း ရင်းနှီးနွေးထွေးစွာဖြင့် အတွေ့အကြုံများကိုမျှဝေရင်း ဆွေးနွေးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

    ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လူမှုရေးပင်စင်ထောက်ပံ့ခြင်း အစီအစဉ်နှင့် စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စာရင်းဇယားများ ကောက်ယူခြင်း၊ စာရင်းဇယားများရေးသွင်းခြင်း၊ စိစစ်ခြင်း၊ စာရင်းဇယားများ ထုတ်ပြန်ခြင်းအပါအဝင် ထောက်ပံ့မှုများကိုအဆင့်တိုင်းတွင် စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အတတ်ပညာများကိုလည်း မဖြစ်မနေ အသုံးချရမည်ဖြစ်ပြီး လူမှုရေးစီမံခန့်ခွဲမှု သတင်းအချက်အလက် စနစ်တည်ဆောက်ခြင်း (Social Management Information System-SMIS) ၏ အဓိက အစိတ်အပိုင်းလည်းဖြစ်ပါ၍ ကြိုးစားကြစေလိုကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။ လူမှုရေးပင်စင် ကိန်းဂဏန်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၂၅.၅.၂၀၂၂) ရက်နေ့မှ (၂၇.၅.၂၀၂၂) ရက်နေ့နှင့် (၃၀.၅.၂၀၂၂) ရက်နေ့နှင့် (၁.၆.၂၀၂၂) ရက်နေ့များတွင် (၂) ကြိမ်ခွဲ၍ သင်တန်းသား/ သင်တန်းသူ (၁၀၀) ဦးဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

    အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

FacebookTwitter