၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပခဲ့သည့် Gender ၊ CEDAW ၊ UNSCR 1325 အသိပညာပေး Online သင်တန်းဖွင့်လှစ်ခြင်း (နေပြည်တော်)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဉီးစီးဌာနသည် Gender, CEDAW, UNSCR 1325 အသိပညာပေးသင်တန်းဖွင့်ပွဲကို (၆-၆-၂၀၂၂) နံနက်(၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ကိုယ်စားဒေါ်ခင်မေနု၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဉီးစီးဌာနရဲ့လုပ်ငန်းကြီး(၇)ရပ်ဖြစ်တဲ့ ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုတဲ့ လူမှုရေးလုပ်ငန်းတွေကိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပြီး၊ ယခုသင်တန်းဟာ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ လုပ်ငန်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းအစီအစဉ်တစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ ကျား၊မ တန်းတူညီမျှရေးနှင့်အမျိုးသမီးအခွင့်အရေးများတန်းတူရရှိနိုင်ရေးအတွက် စတုတ္တအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံမှချမှတ်ခဲ့သော ဘေဂျင်းကြေညာစာတမ်း နှင့် အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(CEDAW)ပါ ပြဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ အာဆီယံဒေသတွင်း ဆောင်ရွက်ချက်များ၊အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကျား၊မရေးရာအခြေပြုအကြမ်းဖက်မှုများအပေါ်တုံ့ပြန်ဆောင်ရွက်ပေးမှုအခြေအနေများ၊ကြိုတင်ကာကွယ်ရေး နှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ဆောင်ရွက်ချက်များနှင့် သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသွားပါသည်။
ယနေ့ ဖွင့်လှစ်သည့်သင်တန်းမှာ အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်သော နိုင်ငံတကာသဘောတူစာချုပ်များ၊ပြဌာန်းချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကိုသိရှိစေရန်၊ ကျား၊မရေးရာအခြေခံသဘောတရားများကို သိရှိနားလည်ပြီး သင်တန်းသား/ သင်တန်းသူများအနေဖြင့် မိမိတို့ဌာန၏သက်ဆိုင်ရာကဏ္ဍများတွင် ကျား၊မတန်းတူညီမျှရေးကို ထည့်သွင်းစဉ်းစားဆောင်ရွက်နိုင်စေရန်၊ ဌာနဆိုင်ရာအချင်းချင်းချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းစေရန်နှင့် မိမိတို့၏လက်တွေ့နယ်ပယ်တွင် စနစ်တကျဆက်စပ်ဆောင်ရွက်သွားရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
Gender, CEDAW, UNSCR 1325 အသိပညာပေးသင်တန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်အတွင်း ဝန်ကြီးဌာန(၄)ခုမှ Mid-Level အဆင့်ရှိ အရာထမ်းများအတွက် သင်တန်း(၄)ကြိမ် ဖွင့်လှစ်သွားရန်ရှိပါသည်။ ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ဉီးစီးဌာနများမှ အရာထမ်းများအတွက်ဖြစ်ပြီး အရာရှိ(၃ဝ)ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလမှာ (၆.၆.၂၀၂၂)နှင့်(၇.၆.၂၀၂၁) ရက်နေ့ အထိဖြစ်ပြီး Online ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။