သစ်လွင်ဦးစီးအရာရှိများအတွက် Digital Literacy သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကား တက်ရောက်ပြောကြား

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သစ်လွင်ဝန်ထမ်း ဦးစီးအရာရှိများအတွက် Digital Literacy သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနမှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ နည်းပြများ၊ သင်တန်းသား/ သူများ တက်ရောက်ခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် e-Governmentလုပ်ငန်းသည် အရေးတကြီး လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် Help Line/ Hot Line ဝန်ဆောင်မှုများ၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် Case Management Information Management System (CMIMS) ၊Maternal and Child Cash Transfer (MCCT)၊ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များကြုံတွေ့ရပါက ဘေးအန္တရာယ်ကြိုတင်သတိ ပေးချက် Myanmar Disaster Alert (MDA) ၊ ERP Software နှင့် HR Software စသည်ဖြင့် e-Government ဖြစ်ပေါ်တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ e-Government ဌာနခွဲတွင် သင်တန်းဖွင့်လှစ်မှု ပုံစံ (၂) မျိုးရှိပါကြောင်း၊ ဝန်ကြီးဌာန e-Government ဌာနခွဲမှ ဦး‌ဆောင်ဖွင့်လှစ်သည့် ဌာနတွင်းသင်တန်းများနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် အဆင့်မြင့်သင်တန်းများရှိပါကြောင်း၊ ဝန်ကြီးရုံး e-Government ဌာနခွဲမှ ဦးဆောင်၍ သစ်လွင်အငယ်တန်းစာရေးဝန်ထမ်း (၁၉) ဦးနှင့် ဒုတိယဦးစီးမှူးများအတွက် ပထမအကြိမ် လူကိုယ်တိုင်တက်ရောက်သည့် ပုံစံဖြင့် (၂၃) ဦး၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်များတွင် (Virtual) ပုံစံဖြင့် (၇၁) ဦးတို့ကို Digital Literacy သင်တန်းများအား ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ သစ်လွင်ဝန်ထမ်းများအတွက် ကွန်ပျူတာအခြေခံဖြစ်သည့် Word ၊ Excel ၊ PowerPoint ၊ Email နှင့် Zoom အသုံးပြုနည်းသင်ခန်းစာများကို သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလများတွင် New Normal ဖြစ်သည့်အလျောက် ဝန်ကြီးဌာနများတွင် Hybrid စနစ်ဖြင့် Zoom Application အား တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များပါဝင်သည့် Myanmar National Portal ကို တည်ဆောက်ထားပြီးဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း Myanmar National Portal တွင် သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုကဏ္ဍများတွင် ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊  ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန Web Portal တစ်ခုတည်ဆောက်လျက်ရှိပြီး သတင်းများ၊ ဝန်ဆောင်မှုများ၊ မူဝါဒများ၊ အသိပညာပေးကဏ္ဍများ၊ မှတ်တမ်းများနှင့် ဝန်ကြီးဌာန၏ Public Service လုပ်ငန်းများကို ပြည်သူများထံသို့ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ နည်းပညာခေတ်ဖြစ်သည့်နှင့်အညီ သင်တန်းသား/ သူများအနေဖြင့် ရုံးသုံးအခြေခံသင်တန်းများသည် အရေးကြီးလိုအပ်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် Digital Literacy နည်းပညာသင်တန်းများနှင့် ဗဟုသုတများ သိရှိနားလည်တတ်ကျွမ်းရန်လိုအပ်ပါကြောင်း၊ e-Government စနစ်ကိုအသုံးပြုခြင်းဖြင့် အစိုးရ၏ယန္တရားကို ကျစ်ကျစ်လျစ်လျစ်ဆောင်ရွက်နိုင်ခြင်း၊ အစိုးရ၏လုပ်ငန်းများကို ကုန်ကျစရိတ်နှင့်အချိန် ပိုမိုသက်သာစွာဆောင်ရွက်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အဂတိလိုက်စားမှုကိုလျော့ချနိုင်ခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြင့်မားနိုင်ခြင်း၊ ပြည်သူလူထု၏ တုံ့ပြန်မှုကို အလွယ်တကူ စစ်တမ်းကောက်ယူနိုင်ခြင်း၊ အစိုးရနှင့်ပြည်သူများအကြား အလှမ်းကွာဝေးမှုကို လျော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့်လည်း ဌာနများတွင်ရှိသော ကွန်ပျူတာများအား စနစ်တကျ သေသေချာချာအလေးထားအသုံးပြုစေလိုပါကြောင်း၊ ICT ဘာသာရပ်များအား လေ့လာသင်ကြားကြရာတွင် မိမိတို့ဘာသာ Online Plateform များမှ လေ့လာသိရှိမှုနှင့် သင်တန်းများအား စနစ်တကျလေ့လာသင်ကြားခြင်းဟူ၍ (၂) မျိုးရှိပါကြောင်း၊ ဝန်ကြီးဌာနရှိ Data အချက်အလက်များအား လုံခြုံစိတ်ချမှုရှိစေရန် Security နှင့် ပတ်သက်သည်များကို ဝန်ထမ်းများအနေဖြင့်အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သင်တန်းသင်ကြားပေးကြမည့် နည်းပြများအနေဖြင့်လည်း ICT နှင့်ပတ်သက်သည့် ကျင့်ဝတ် (Ethic) များကိုလည်း အထူးအလေးထားသင်ကြားပို့ချပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ဒုတိယဝန်ကြီးဦး အောင်ထွန်းခိုင်က ယခုဖွင့်လှစ်သော သင်တန်းသည် သစ်လွင်ဦးစီးအရာရှိများအတွက် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ငယ်ရွယ်စဉ်ကာလမှစတင်ကာ ICT နည်းပညာနှင့်ပတ်သက်၍ သင်ကြားပေးလျက်ရှိပါကြောင်း၊ နည်းပညာခေတ်ဖြစ်သည့်အတွက် Digital Device များသုံးခြင်းဖြင့် လုပ်ငန်း၏ခရီးအား တိုတောင်းခြင်းနှင့် ခရီးကျုံ့ခြင်းစသည့် အကျိုးများရရှိမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် Computer Typing Skill လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကျွမ်းကျင်မှု (Skill)၊ လုံခြုံမှု (Security) နှင့် ကျင့်ဝတ် (Ethic) ဟူ၍ အရေးကြီးဆုံး (၃) ချက်အား အလေးထားလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါသင်တန်းအား Inperson/ Virtual ပုံစံ (၂) မျိုးဖြင့် (၄-၇-၂၀၂၂) ရက်နေ့မှ (၁၈-၇-၂၀၂၂) ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး ဦးစီးဌာနများမှ သစ်လွင်အရာရှိစုစုပေါင်း (၁၉) ဦး တက်ရောက်လျက်ရှိပါသည်။ အဆိုပါသင်တန်းဖွင့်လှစ်ခြင်းဖြင့် လုပ်ငန်းခွင်တွင် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်စေခြင်း၊ ရုံးဌာနအသုံးအနှုန်းများ ရင်းနှီးကျွမ်းကျင်မှုရှိစေခြင်း၊ e-Government လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ICT နည်းပညာဗဟုသုတများကို သိရှိနားလည်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter