လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဆန်းစစ်အကဲဖြတ်မှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဆန်းစစ်အကဲဖြတ်မှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာ ကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးမှ ဌာနခွဲတာဝန်ခံ လက်ထောက်အတွင်းဝန်များ၊ ဦးစီးဌာန (ရုံးချုပ်) များမှ ညွှန်ကြားရေးမှူးများမှ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ လူကိုယ်တိုင်ပါဝင်တက်ရောက်သည့်ပုံစံဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ သင်တန်းကျောင်းများ၊ စခန်းများ၊ ဂေဟာများ၊ ဌာနငယ်များမှ တာဝန်ခံအရာရှိများက Virtual ပုံစံဖြင့်လည်းကောင်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာန၏ ပင်မလုပ်ငန်းများဆောင်ရွက်ရာ၌ တိုင်းဒေသကြီးနဲ့ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှာရှိသည့် မိမိတို့ဝန်ထမ်းများအနေဖြင့်လုပ်ငန်းခွင်၊ နေအိမ်များနှင့်မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင်လုံခြုံရေးသတိအမြဲရှိရန်မှာကြားလိုပါကြောင်း၊ ဝန်ကြီးရုံးအနေဖြင့် အထက်ဌာနအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနအချင်းချင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ လက်အောက်ဦးစီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ မူဝါဒလမ်းညွှန်ချက်များကို ထိရောက်အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး အရေးပါသည့်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် Operational Excellence ဖြစ်ဖို့အတွက် တာဝန်ယူဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးလုပ်ငန်းများကိုဆောင်ရွက်နေရတာဖြစ်သည့်အတွက် အရာထမ်း၊ အမှုထမ်းများအနေဖြင့် ကျင့်ဝတ်များနဲ့အညီကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန်နှင့် ရုံးဌာနအကြီးအကဲများအနေဖြင့် ဝန်ထမ်းများကြုံတွေ့ရတဲ့အခက်အခဲနဲ့ လိုအပ်ချက်တွေကိုဖော်ထုတ်တင်ပြကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းတွေကို Time Line ရေးဆွဲ သတ်မှတ်ထားပြီးဖြစ်သည့်အတွက်သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးတွန်းအားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လူငယ်သင်တန်းကျောင်းများတွင် အသက် (၁၈) နှစ်အထိ ပြစ်ဒဏ်ကျ ကလေးသူငယ်တွေကို လက်ခံစောင့်ရှောက်ထားရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းသွားရန်နှင့် INGO၊ NGO အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများအပါအဝင် ပရဟိတဂေဟာများ တည်ထောင်ဖွင့်လှစ်ခြင်း၊ လူမှုကူညီရေးအဖွဲ့အစည်းများ တည်ထောင်ဖွင့်လှစ်မှတ်ပုံတင်ခြင်းနှင့် မိမိတို့နဲ့ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းများနဲ့ ပတ်သက်၍ ဆက်စပ်ဝန်ကြီးဌာနများနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့် အချက်များကို ပြုစုထားရှိရမှာဖြစ်ပါကြောင်း၊ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး Pilot Project ဆောင်ရွက်ရန်နှင့်ပတ်သက်ပြီး Time Line ပါဝင်သည့်အမှန်တကယ် ဆောင်ရွက်မယ့် Action Plan ပြန်လည်တင်ပြရန်ဖြစ်ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီရဲ့ (၁/၂၀၂၂) အစည်းအဝေးကျင်းပနိုင်ရေး ပြင်ဆင်ရမည့်အချက်များအား Check List ပြုစုထားရှိရေး၊ နိုင်ငံအဝှမ်းဖြစ်ပွားတဲ့ ဘေးအမျိုးမျိုးနဲ့ပျက်စီးဆုံးရှုံးမှုများ၊ ထောက်ပံ့ပြီးစီးများတွေကို ဘေး/စီမံဦးစီးဌာနက ဆောင်ရွက်နေတဲ့ ERP စနစ်အတွင်း ဖြည့်သွင်းထားရန်တာဝန်ပေးထားပြီး ဖြစ်တဲ့အတွက် (၆) လစာ Report တင်ပြပေးရန်ဖြစ်ပြီး အချက်အလက်များ ကိုက်ညီမှု ရှိ/ မရှိ ပြန်လည်တိုက်ဆိုင်စိစစ်ဖို့ လိုအပ်မှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းကျောင်းနဲ့ ပတ်သက်တဲ့ Evaluation Workshop ကိုလည်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်တဲ့အတွက် ဆက်လက်ဆောင်ရွက်သွားမယ့်လုပ်ငန်းတွေကို မျက်ခြေမပျက်ထိထိရောက်ရောက်ဆောင်ရွက်သွားနိုင်ရေး၊ မသန်စွမ်းအခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ်စီမံကိန်းနဲ့ပတ်သက်ပြီး အတည်ပြုချက်ရရှိရေး ဆက်လက်ဆောင်ရွက်သွားရန်မှာကြားလိုပါကြောင်း၊ လူကုန်ကူးဂေဟာများမှာ လက်ခံစောင့်ရှောက်ပြီး ပြန်လည်ထူထောင် ပေးနိုင်ခဲ့တဲ့ Success Story များကို Documentary ရိုက်ကူး ဖော်ပြနိုင်ရေးစသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဌာနမှဆောင်ရွက်လျက်ရှိသော လူမှုူကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်နိုင်ရေးအတွက် Evidence Based Policy နှင့်အညီ အမှန်တကယ် ထပ်မံဆောင်ရွက်သင့်သော လုပ်ငန်းများကို အကြံပြုတင်ပြကြရန်၊ သက်ဆိုင်ရာတာဝန်ခံများအနေဖြင့် လုပ်ငန်းလိုအပ်ချက်များကို မျက်ခြေမပြတ်အနီးကပ်ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း ဆွေးနွေးမှာကြားခဲ့ပြီး အမြဲတမ်းအတွင်းဝန်က ယခင်ပြုလုပ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များ တစ်ချက်ချင်းအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးမှ ဒုတိယအမြဲတမ်း အတွင်းဝန်၊ လက်ထောက်အတွင်းဝန်များ၊ ရုံးချုပ်ရှိဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများက လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ လမ်းညွှန်မှုခံယူလိုသည့် အချက်များနှင့် ညှိနှိုင်းဖြည့်ဆည်းပေးစေလိုသည့်အချက်များအား ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့က လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ ညနေပိုင်းတွင်အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။