အခြေခံပညာကျောင်းများတွင် အသိပညာပေးလုပ်ငန်းဆောင်ရွက်ရေး ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

    နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်ရေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ လူကိုယ်တိုင်တက်ရောက်ခြင်းနှင့် Online မှ တက်ရောက်ခြင်းတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများတက်ရောက်ကြပါသည်။

  အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် အချိန်တိုအတွင်းမှာ ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရရှိနိုင်သည့် Quick Win Programme လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီဌာန (၃) ခုပူးပေါင်း၍ ယခုကဲ့သို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ဤအစီအစဉ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်းတွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင်ရှိသည့် အခြေခံပညာကျောင်းများရှိ ဆဌမတန်းမှ ဒသမတန်းအထိ ကျောင်းသား/ သူများအား ဝန်ကြီးဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်ပေးသည့်လုပ်ငန်းများထဲမှသိသင့်သည်များကို အသိပညာပေးဆွေးနွေးဟောပြောပွဲများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကလေးများအား အသိပညာပေးရာတွင် ၎င်းတို့လက်လှမ်းမီရရှိနိုင်မည့် အသိပညာဖြစ်သည့်ခေါင်းစဉ်များကို ဟောပြောဆွေးနွေးသွားမည်ဖြစ်ပြီး ကလေးသူငယ်အခွင့်အရေးများကို ကိုယ်တိုင်သိရှိနားလည်စေနိုင်ရန်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးနှင့် အန္တရာယ်များသိရှိနားလည်စေရန်၊ လူကုန်ကူးမှုဆိုင်ရာအသိအမြင်များနှင့် မိုင်းအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီး ကလေးများမှတဆင့် မိသားစုနှင့်ရပ်ရွာအတွင်းတွင် အသိပညာပေးဖြန့်ဝေသွားစေရန်နှင့် လူမှုပတ်ဝန်းကျင်ကောင်းကိုဖော်ဆောင်ရာတွင်လည်း အထောက်အကူပြုမည်ဟုယုံကြည်ပါကြောင်း၊ အထူးသဖြင့် အလယ်တန်း၊ အထက်တန်းကလေးများအနေဖြင့် လွယ်ကူစွာသိမြင်မှတ်သားဆောင်ရွက်နိုင်သည့်အရွယ်ဖြစ်ခြင်းကြောင့် အတန်းပညာများအားသင်ယူမှုပြုခြင်းမှ ပတ်ဝန်းကျင်မှာ တွေ့ရမည့်စိန်ခေါ်မှုများ၊ အတားအဆီးအဟန့်အတားများကို ကြိုတင်သတိပြုနိုင်မည့် ကောင်းကျိုးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ သဘောသဘာဝကို နားလည်ပြီး ကလေးသူငယ်များအတွက် အကောင်းဆုံးမှတ်သားနားလည်စေနိုင်မည့် နည်းလမ်းများ ကိုအသုံးပြုပြီး ဆွေးနွေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အသိပညာပေးဟောပြောမှုများကို ယခုလိုဆောင်ရွက်ပေးခြင်းကြောင့် ကလေးသူငယ်များအတွက် ၎င်းတို့၏အခွင့်အရေးများနှင့် ပါဝင်ဆောင်ရွက်သင့်သည့် ကဏ္ဍများ၊ လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်များနှင့် ရှောင်ကြဉ်သင့်သည့်အချက်အလက်များ ပိုမိုသိရှိနားလည်နိုင်ပြီး ကောင်းမွန်သည့် အနာဂတ်ဆီသို့ လျှောက်လှမ်းနိုင်မှာဖြစ်သည့်အပြင် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်နေမှုများကို ကျောင်းသား/ သူများမှတဆင့် ပြည်သူလူထုထံသို့ အသိပညာပေးများ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိပြီး ပြည်သူလူထု၏ပူးပေါင်း‌ဆောင်ရွက်မှုလည်း ပိုမိုမြင့်တက်လာမှာဖြစ်ကြောင်းနှင့် ယခုလိုဆောင်ရွက်သည့်အချိန်မှာ ပူးပေါင်း‌ဆောင်ရွက်သည့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဇော်ဝင်းက အမှာစကားပြောကြားရာ၌ ယနေ့အခြေခံပညာကျောင်းများကို တက်ရောက်နေသည့် ကလေးများသည် အနာဂတ်၏မျိုးဆက်သစ် နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်မည့် ကလေးများဖြစ်သဖြင့် ယခုလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေး ဟောပြောသွားမည့်ခေါင်းစဉ်တွေပါ အကြောင်းအရာများသည် အခြေခံပညာသင်ရိုး KG+12 တွင် ထည့်သွင်းထားပြီးဖြစ်ပါကြောင်း၊ ဟောပြောကြမည့် တာဝန်ရှိသူများအနေဖြင့် ကလေးများကို ဟောပြောသည့်အခါတွင် စည်းကမ်းကို လိုက်နာတတ်အောင်လည်း ထည့်သွင်းဟောပြောပေးသွားဖို့ မေတ္တာရပ်ခံလိုပါကြောင်း၊ ကလေးများအား ဆုံးမနာယူလွယ်အောင် မိမိတို့ဘက်ကလည်း သင်ကြားပေးလျက်ရှိရာ ဝိုင်းဝန်းကူညီဟောပြောပေးကြရန် မိမိအနေဖြင့် မေတ္တာရပ်ခံပါကြောင်း၊ ဟောပြောပွဲများ ဆောင်ရွက်ရာမှာ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများကိုလည်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် ကျောင်းသား/ သူများကို အသိပညာပေးရင်း ၎င်းတို့၏ မိဘနှင့်လူ့အဖွဲ့အစည်းများကိုပါ အသိပညာပေးနိုင်မှာ ဖြစ်သည့်အတွက် ထိရောက်ကောင်းမွန်သည့် အစီအစဉ်ဖြစ်ကြောင်း၊ ကလေးများကိုယ်တိုင် ၎င်းတို့ဘဝတွင် ရှောင်သင့်သည်များ ဆောင်သင့်သည်များကို သိရှိနားလည်ပြီး နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေဖို့ မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင်၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ရည်ရွယ်ပြီး ကလေးသူငယ်အခွင့်အရေး (၄) ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အကာအကွယ်ရပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသည့်အခွင့်အရေးများကို  ကိုယ်တိုင်သိရှိနားလည်စေရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးအန္တရာယ်ရှောင်ရှားနိုင်ရေး၊ လူကုန်ကူးမှုပပျောက်ရေးနှင့် တားဆီးကာကွယ်ရေး၊ မိုင်းအန္တရာယ်အသိပညာရရှိရေးတို့အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အသိပညာများကိုသဘောပေါက်နားလည်လာပြီး ပိုမိုလေ့လာလိုစိတ်ဖြစ်ပေါ်လာပြီး နိုင်ငံ၏အနာဂတ်ဖြစ်သည့် ကလေးများ၏ အနာဂတ်များကောင်းမွန်လာမှာဖြစ်ကြောင်း၊ ကလေးတစ်ဦးချင်းစီရဲ့ အနာဂတ်တွေ ကောင်းလာပြီး တိုင်းပြည်ရဲ့အနာဂတ်တွေလည်းကောင်းလာမှာဖြစ်ပါကြောင်း၊ ဆွေးနွေးပို့ချမည့် ဝန်ထမ်းများအနေဖြင့်  သင်ခန်းစာကိုဆွေးနွေးမည့်ခေါင်းစဉ်အလိုက်ကို သေသေချာချာ၊ ကျေကျေညက်ညက်သိထားဖို့လိုအပ်ကြောင်း၊ ကလေးများစိတ်ဝင်စားနိုင်မည့် စကားလုံးများသုံးစွဲရန် လိုအပ်သလို မေးခွန်းတွေ Video Clip များ လက်ကမ်းစာစောင်များအသုံးပြုရန် လိုအပ်မှာဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီးတော့ ဒီလိုလုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ကလေးတွေရဲ့ ဖွံ့ဖြိုးရေးသာမကဘဲ ကလေးတွေရဲ့အနာဂါတ်ပါဝင်မှုကိုပါ အားပေးအားမြှောက်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကျောင်းအသိပညာပေးများဆောင်ရွက်ခြင်းအားဖြင့် ကလေးများနှင့် Community မှာ ခံစားနေရတဲ့ဒုက္ခတွေ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ဖြစ်ပါကြောင်း၊ ကလေးတွေရဲ့ အနာဂတ်အတွက် ကြိုတင်ကာကွယ်ရေးအတွက် အများကြီးဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် တိုင်းပြည်အတွက်လည်း အကျိုးရှိတဲ့လုပ်ငန်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

    ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်တိုင်းဒေသကြီးများရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ Online ဖြင့် ပါဝင်တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter