လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ်(Social Management Information System-SMIS)Software စမ်းသပ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) Software စမ်းသပ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက သင်တန်းအဖွင့် အမှာစကားပြောကြားရာ၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) Software ကို တပ်မတော်ကွန်ပျူတာပညာရှင်များက နည်းပညာပိုင်းဆိုင်ရာကူညီမှုများကြောင့် ယနေ့ကဲ့သို့ အကောင်အထည်ပေါ်အောင်မြင်ခဲ့ခြင်းဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ်(SMIS)ကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ စီမံချက်၌ပါဝင်သော အဓိကလုပ်ငန်း (Flagship Programmes) များအားလုံးကို SMIS Platform တစ်ခုတည်းတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက်ဖြစ်ကြောင်း၊ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်၌ ပါဝင်သောအဓိကလုပ်ငန်းစဉ်များအနက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (Maternal and Child Cash Transfer Program- MCCT Program) လူမှုရေးပင်စင်အစီအစဉ် (Social Pension Program) နှင့် ဖြစ်ရပ်စီမံခန့်ခွဲခြင်းအစီအစဉ် (Case Management Program)တို့ကို SMIS Software စနစ်ဖြင့် ကနဉီး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ SMIS Software ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များကို စီမံခန့်ခွဲရာ၌ အရင်းအမြစ်များကို မျှဝေသုံးစွဲခြင်းအားဖြင့် ကုန်ကျစရိတ်များ သက်သာစေမည်ဖြစ်ခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ ရယူခံစားလျက်ရှိသော အကျိုးခံစားသူများ၏ ပြီးပြည့်စုံသောအချက်အလက်များကို ထိန်းသိမ်းထားနိုင်မည်ဖြစ်ပြီး စောင့်ကြည့်ကြီးကြပ် အကဲဖြတ်ဆန်းစစ်ခြင်းနှင့် အစီရင်ခံခြင်းကိစ္စရပ်များအတွက် လိုအပ်သော အချက်အလက်များကို ရယူနိုင်မည်ဖြစ်ခြင်း၊ လက်ရှိအစီအစဉ်များကို တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အစီအစဉ်အသစ်များကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ အကျိုးခံစားသူများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဝန်ဆောင်မှုများပေးရာတွင် ရည်ရွယ်ချက်များနှင့်အညီ ပိုမိုထိရောက် အောင်မြင်စွာဝန်ဆောင်မှုပေးနိုင်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲရန်နှင့် ဖြေရှင်းမှုများအားလုံးကို လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်တိုင် ပြည့်ပြည့်စုံစုံဆောင်ရွက်နိုင်မည်ဖြစ်ခြင်းစတဲ့ အကျိုးကျေးဇူးများကို ရရှိမှာဖြစ်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် SMIS Software ဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပြည်သူသို့ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ ပိုမိုကောင်းမွန်ထိရောက်လာစေခြင်း၊ နိုင်ငံတော်ဘဏ္ဍာငွေသက်သာခြင်း၊ သတင်းအချက် အလက်များပိုမိုလုံခြုံစိတ်ချရခြင်းများစွာသော အကျိုးကျေးဇူးများ ရရှိမှာဖြစ်တဲ့အတွက် နည်းပညာကူညီပံ့ပိုးပေးသော တပ်မတော်ကွန်ပျူတာပညာရှင်များအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများ အနေနှင့်လည်း ဌာနတွင်း လက်ဆင့်ကမ်းပြန်လည်သင်ကြားနိုင်ရေးအတွက် ယနေ့ဖွင့်လှစ်တဲ့ SMIS Software စမ်းသပ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းမှ နည်းပြပညာရှင်များ၏ သင်ကြားပြသပေးမှုများအား အထူးဂရုပြုအလေးအနက်ထား၍ လိုက်နာသင်ယူသွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်မှ သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) Software စမ်းသပ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ခံအရာရှိများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော် သတင်းနှင့် နည်းပညာဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ ရက်သတ္တ(၂)ပတ်အကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။