လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ e-Government ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ e-Government ဆိုင်ရာ လုပ်ငန်းများတိုးတက်စေရေးအစည်းအဝေးအား ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ e-Government လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်မည်ဆိုပါက ပြည်သူလူထုအတွက်လိုအပ်ချက်များ ထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဦးစီးဌာနများအနေဖြင့်လည်း e-Government လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ထဲထဲဝင်ဝင် စိတ်ပါဝင်စားစွာ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သော သင်တန်းများနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှပို့ချသော သင်တန်းများသည် e-Government လုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့်အတွက် တက်ရောက်ပြီးသူများမှ ဝန်ကြီးဌာနအတွင်း ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချသွားရန်နှင့် လက်တွေ့ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ e-Government ဌာနခွဲအား လူမှန်နေရာမှန်ဖြင့် ဖွဲ့စည်းထားရှိပြီး e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာအသုံးပြုခြင်းဖြင့် အချိန်တိုအတွင်းလုပ်ငန်းပြီးစီးနိုင်ခြင်း၊ မြန်ဆန်လုံခြုံစွာဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ပါကြောင်း၊ လူငယ်/ လူလတ်ပိုင်းများသည် နည်းပညာနှင့်အကျွမ်းတဝင်ရှိပြီး လေ့လာလိုက်စားမှု အားကောင်းသဖြင့် အသုံးပြုရမည့် Software များအား လျင်မြန်စွာ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က နည်းပညာကျွမ်းကျင်မှုရှိစေရန် အရာထမ်း/ အမှုထမ်းများအား သင်တန်းပို့ချလေ့ကျင့်ပေးရန်လိုအပ်ပါကြောင်း၊ တစ်ဦးချင်းတတ်ကျွမ်းသူများအား ရွေးချယ်စုစည်း၍ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ Digital ပစ္စည်းများအား ရင်းနှီးကျွမ်းဝင်မှုရှိအောင် သင်ကြားလေ့ကျင့်ထားရန်လိုအပ်ပါကြောင်း၊ Network Security နှင့် Document Security ကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အရာထမ်း/ အမှုထမ်းများအနေဖြင့်လည်း လုပ်ငန်းကျွမ်းကျင်အောင် ဆောင်ရွက်နိုင်ရုံမက Digital Ethic အား အလေးထားလိုက်နာကျင့်သုံးရန် လိုအပ်ပါကြောင်း မှာကြားခဲ့ပါသည်။

    ထို့နောက် ဝန်ကြီးရုံးနှင့်ဦးစီးဌာနများအလိုက် ဆောင်ရွက်လျက်ရှိသော Social Management Information System(SMIS) ၊ Enterprise Resource Planning (ERP) ၊ Inventary Management Software(IMS)၊  Myanmar Disaster Alert (MDA)၊ Electronic Document Management System (EDMS)၊ Digital Literacy Training ၊ Advanced Training စသည့် လုပ်ငန်း/ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter