လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဦးစီးဌာနရုံးများ၊ မူလတန်းကြိုကျောင်းများ လှည့်လည်ကြည့်ရှု့အားပေး၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

    ကရင်ပြည်နယ်၊ ဘားအံမြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည်  နိုဝင်ဘာလ (၄) ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းလိုက်ပါလျက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းသို့ရောက်ရှိကြရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့် တာဝန်ခံကျောင်းအုပ်တို့က ကလေး (၃၅၀) ဦး လက်ခံသင်ကြားပေးနေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးကတက်ရောက်နေသောကလေး ငယ်များ၏ ဉာဏစွမ်းရည်တိုးတက်စေရန် လေ့ကျင့်နေမှုအခြေအနေများကို ရင်းနှီးနွေးထွေးစွာကြည့်ရှုအားပေးခဲ့ပြီး ကလေးများအတွက်ဖြည့်စွက်စာအာဟာရဖြစ်စေရန် မုန့်များကျွေးမွေးခြင်း၊ အမှိုက်များအား အမှိုက်ပုံးအတွင်းသို့စနစ်တကျ စွန့်ပစ်တတ်စေရန်သင်ကြားခဲ့ပြီး မူလတန်းကြိုကျောင်းအုပ်နှင့် ဆရာမများအား ကလေးများမူကြိုကျောင်းတွင် ပျော်ရွှင်စွာနေထိုင်ရေး ဂရုပြုဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ 
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းတွင် (၂၀-၁၀-၂၀၂၂) ရက်နေ့မှ (၁၆-၁၁-၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိ သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးသင်တန်းအား ကြည့်ရှုစစ်ဆေး ခဲ့ရာ သင်တန်းသူဆရာမများအား အသက် (၃) နှစ်မှ (၅) နှစ်အရွယ် ကလေးသူငယ်များအနေဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန်ဖြစ်သဖြင့် မူလတန်းကြိုပညာရေးရရှိရေးသည် ၎င်းတို့အတွက် အလွန်အရေးကြီးပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ECCD ပညာရေး လွှမ်းခြုံနိုင်ရေးအတွက် ပုဂ္ဂလိကဏ္ဍမှ တွင်ကျယ်စွာပူးပေါင်းဆောင်ရွက်နိုင်ရေး မိမိတို့ဌာနဘက်မှ နည်းပညာပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ မူလတန်းကြိုကျောင်းပညာရေးသည် ကလေးများအတွက် ဘဝတစ်သက်တာ အခြေခံအလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ရာနေရာဖြစ်၍ မူကြိုဆရာမအလုပ်သည် တန်ဖိုးထားဂုဏ်ယူစရာအလုပ်တစ်ခုဖြစ်သဖြင့် သင်တန်းမှပို့ချသော ပညာရပ်များကို စိတ်ဝင်တစားကြိုးစားသင်ယူကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ 
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းသို့ ရောက်ရှိကြရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့် တာဝန်ခံကျောင်းအုပ်တို့က ကလေး (၁၅၀) ဦး လက်ခံသင်ကြား ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက  တက်ရောက်နေသော ကလေးငယ်များ၏ ဉာဏစွမ်းရည်တိုးတက်စေရန် လေ့ကျင့်နေမှုအခြေအနေများကို ရင်းနှီးနွေးထွေးစွာ ကြည့်ရှုအားပေးခဲ့ပြီး ကလေးများအတွက် ဖြည့်စွက်စာအာဟာရဖြစ်စေရန် မုန့်များကျွေးမွေးခြင်း၊ မူလတန်းကြိုကျောင်းအုပ်နှင့် ဆရာမများအား ကလေးများ မူကြိုကျောင်း တွင် ပျော်ရွှင်စွာနေထိုင်ရေးဂရုပြုဆောင်ရွက်ကြရန်နှင့် မူကြိုကျောင်းရှိ လိုအပ်ချက်များအား ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေဖြင့် ကျခံဖြည့်ဆည်းပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။     
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းလိုက်ပါလျက် ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်နယ်/ ခရိုင်/ မြို့နယ် လူမှုဝန်ထမ်းရုံးများနှင့် မူလတန်းကြိုကျောင်းများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးစခန်း တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။ 
ထိုသို့တွေ့ဆုံစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိနှင့်မိသားစုလုံခြုံရေး၊ ကျန်းမာရေးကိစ္စရပ်များအထူးဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိနှင့်မိသားစု၊ ဌာန၊ နိုင်ငံတိုးတက်ရာတိုးတက်ကြောင်းကျရာကဏ္ဍမှ အားတက်သရောကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်ကြောင်းနှင့် အခက်အခဲများ၊ လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter