လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်မှု အသိပညာပေးဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
နိုဝင်ဘာလ ၉ရက်၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မီးဘေး လုံခြုံရေး ကြိုတင်ကာကွယ်မှု အသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ ပထမဆုံး အကြိမ်အဖြစ် အသိပညာပေးဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ မီးဘေးလုံခြုံရေး ဆင့်ပွားသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ် တားဆီးရေးကို အစဉ်လိုက်နာစေရန်၊ မီးလောင်မှုဖြစ်ပွားလာပါက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် တတ်စေရန်၊ ဝန်ထမ်းအိမ်ရာများနှင့် မိမိတို့ရုံးဌာနတွင် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင် နိုင်ရန်၊ မီးဘေးလုံခြုံရေးနှင့် အရေးပေါ်တုံ့ပြန်ရေးစီမံချက်အတိုင်း လုပ်ငန်းတာဝန်များ သိရှိလိုက်နာ ဆောင်ရွက်ရန်နှင့် အသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မီးဘေးလုံခြုံရေးအသိကို ဝန်ထမ်းတိုင်းသိရှိတတ်မြောက်ပြီး မိမိတို့ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ မီးဘေးလုံခြုံရေး တာဝန်ခံသင်တန်းကို မိမိတို့ဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးတစ်ဦး၊မီးဘေးလုံခြုံရေး ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်း(အထူး)ကို ဒုတိယညွှန် ကြားရေးမှူး(၂)ဦးတက်ရောက်စေခဲ့ကြောင်း၊ သင်တန်းများ တက်ရောက်ခဲ့ကြသည့် အရာရှိကြီး (၃)ဦးကဦးဆောင်ပြီး မီးဘေးလုံခြုံရေးကို တာဝန်ခံ ဆောင်ရွက်မည့် Core Group ဖွဲ့စည်းကာ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ သိပညာနှင့် လက်တွေ့ဆောင်ရွက်ရမည့် အကြောင်းအရာများကို ဆင့်ပွားပို့ချပေးနိုင်ရန် ယနေ့သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ မီးဘေးအန္တရာယ်ဆိုသည်မှာ တစ်ဦးက သတိမပြုပေါ့ဆခဲ့လျှင် လူအများမှာ မီးဘေးအန္တရာယ်ကျရောက်ပြီး ဆုံးရှုံးမှုများ ဖြစ်လာနိုင်ပါကြောင်း၊ ဝန်ကြီးဌာနတွင် မီးဘေးအန္တရာယ်ကျရောက်နိုင်မည့်ကိစ္စများနှင့် မီးဘေး အန္တရာယ်ကျရောက်လာပါက အလျင်အမြန် တုံ့ပြန်ငြှိမ်းသတ်နိုင်မည့် လိုအပ်ချက်များ၊ ကြိုတင် လေ့ကျင့်မှုများကို လေ့လာသုံးသပ်ပြီး ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ မီးဘေး လုံခြုံရေးနှင့် ပတ်သက်ပြီး ဝန်ထမ်းတိုင်းသိရှိလိုက်နာ ဆောင်ရွက်စေရန် အသိပညာပေး ဟောပြောပွဲများပြုလုပ်ခြင်း၊ မီးဘေးနှင့် ပတ်သက်ပြီး သတိပေးခြင်းများအား လိုက်နာဆောင် ရွက်ရန် အရေးကြီးပါကြောင်း၊ မီးဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်စိတ်ပါဝင်စားစွာ လေ့လာသင်ကြားကြရန်နှင့် လက်တွေ့သင်ကြားမှုများကိ နားလည်တတ် ကျွမ်းအောင်ကြိုးစား လေ့ကျင့်ကြပြီး မိမိဌာနအတွက်၊ ပြည်သူလူထုအတွက် မီးဘေးလုံခြုံရေးနှင့်ပတ်သက်ပြီး အကျိုးပြု နိုင်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းနည်းပြတစ်ဦးက မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်မှု အသိပညာပေး ဆင့်ပွားသင်တန်းတွင် ပို့ချမည့်ဘာသာရပ်များအား ရှင်းလင်တင်ပြကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တက်ရောက်လာကြသော အရာရှိကြီးများနှင့် သင်တန်းသားများစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။