လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လူမှုရေး စီမံခန့်ခွဲမှု ဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) စနစ် စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်(၁၀:၀ဝ)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ တပ်မတော်သတင်းနည်းပညာဌာနမှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ခံအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
    အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က သင်တန်းအဖွင့်အမှာစကားပြောကြားရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက် စနစ် (Social Management Information System-SMIS) Software သည် တပ်မတော်သတင်းနည်းပညာဌာန၏ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကြောင့် ယနေ့ကဲ့သို့ အကောင်အထည် ပေါ်အောင်မြင်ခဲ့ခြင်းဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည်  မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ပံ့ပိုးကူညီမှုဖြင့် နိုင်ငံအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နည်းပညာအသုံးပြု ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်ဖြစ်သည့် “လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် - Case Management Information System-CMIS” ကို ပါဝင် ယှဉ်ပြိုင်ခဲ့ရာ ASOCIO Digital Government Award ကို ရရှိခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် Digital စနစ်သို့ အသွင်ကူးပြောင်းနိုင်မှု၏ သမိုင်းမှတ်တိုင် တစ်ခုလည်းဖြစ်ပါကြောင်း၊ ယခုဆိုရင် ပြည်သူလူထုအတွင်း လူမှုရေးဝန်ဆောင်မှုများကို ထိရောက် စွာ ဆောင်ရွက်လာနိုင်တော့မှာဖြစ်ပြီး SMIS Software ရေးဆွဲဆောင်ရွက်ခြင်းဖြင့် လက်ရှိ ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များကို စီမံခန့်ခွဲရာ၌ ကုန်ကျ စရိတ်များသက်သာစေခြင်း၊ အကျိုးခံစားခွင့်ရရှိသူများ၏ ပြီးပြည့်စုံသော အချက်အလက်များကို ထိန်းသိမ်းထားနိုင်ခြင်း၊ အစီအစဉ်အသစ်များကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်ခြင်း၊ အကျိုးခံစားခွင့်ရရှိ သူများအား ဝန်ဆောင်မှုများပေးရာတွင် ရည်ရွယ်ချက်များနှင့်အညီ ပိုမိုထိရောက်အောင်မြင်စွာ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ခြင်းစတဲ့ အကျိုးကျေးဇူးများကိုရရှိမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
     အဆိုပါ လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်းသင်တန်းကို (၉.၁.၂၀၂၃) ရက်နေ့မှ (၂၀.၁.၂၀၂၃ )ရက်နေ့အထိ သင်တန်းသား(၅၁)ဦးဖြင့် ရက်သတ္တ (၂)ပါတ်အကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter