မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် (၁၉)ကြိမ်မြောက် နှစ်ပတ်လည်စည်းအဝေးဖွင့်ပွဲအခမ်းအနားကျင်းပ
မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် (၁၉)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်(ရုံးချုပ်) သီရိရတနာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားသို့ ဂုဏ်ထူးဆောင်နာယကများဖြစ်သည့် ဒေါ်ခင်သက်ဌေးနှင့် ဒေါ်သန်းသန်းနွယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုး သမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဒုတိယခေါင်းဆောင်များ၊ လုပ်ငန်းအဖွဲ့ခွဲ ခေါင်းဆောင်များ၊ အတွင်းရေးမှူးများ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့်အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံ မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင် ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က ၁၉၉၅ ခုနှစ် ဘေဂျင်းကြေညာ စာတမ်းအရ အမျိုးသမီးများအား ကဏ္ဍစုံလုပ်ငန်းနယ်ပယ်အသီးသီးမှာ ပါဝင်ခွင့်ရရှိစေဖို့နဲ့ အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် နိုင်ငံတော် အဆင့် လုပ်ငန်းယန္တရားဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ(၃) ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အနေနဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီမှာ အဖွဲ့ဝင်အဖြစ် နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အသီးသီးမှာ ဖွဲ့စည်းထားတဲ့ အမျိုးသမီးကော်မတီ များမှာလည်း တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီရဲ့ လုပ်ငန်းယန္တရားကို ပိုမိုအသက်ဝင်စေကာ လုပ်ငန်းတာဝန်များ ထိရောက်ကျယ်ပြန့် စွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ အနေနဲ့ နိုင်ငံတော်က ဆောင်ရွက်လျက်ရှိတဲ့ ကျား၊မ တန်းတူညီမျှရေးနဲ့ အမျိုးသမီးများ အား ကာကွယ်စောင့်ရှောက်ခြင်းနဲ့ စွမ်းပကားမြှင့်တင်ခြင်းလုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး နိုင်ငံတကာအဆင့် အကောင်အထည်ဖော် ဆောင်ရွက်မှုအနေနဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနဲ့ ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂကချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ စတဲ့ နိုင်ငံတကာလုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်ရဲ့ မူဝါဒနှင့်အညီ အကောင်အထည်ဖော်လျက်ရှိတာဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၁၅) ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပခဲ့တဲ့ (၁၇)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများ ကျင်းပစဉ် ကာလအတွင်း ချီးမြှင့်ခဲ့တဲ့ အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးချွန်ဆုကို မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတဲ့ ကျေးလက်နေ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်က ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) (NSPAW) Phase 1 ပါ လုပ်ငန်း စဉ်များဖြစ်တဲ့ အမျိုးသမီးများနဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ မီဒီယာ၊ သဘာဝ ပတ်ဝန်းကျင်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု၊ အရေးပေါ်အခြေအနေနဲ့ ပဋိပက္ခဒေသ အတွင်းရှိ အမျိုးသမီးများအတွက် လုပ်ငန်းရပ်များ ဆောင်ရွက်ပေးလျက်ရှိရာမှာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နဲ့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိတာကိုသိရှိရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) NSPAW Phase 2 ရေးဆွဲရေးကို ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များမှာလည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းများနဲ့အတူ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့နဲ့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးသည့်နေရာများ၊ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းစဉ်များမှာ ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို အထူးလေးစားအားရဖွယ် တွေ့ရှိရပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံဆိုင်ရာလုပ်ငန်းများ အပါအဝင် လူမှုဝန်ထမ်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ကော်မတီ အဖွဲ့ဝင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း များရဲ့ အခန်းကဏ္ဍဟာ များစွာအရေးပါတာဖြစ်လို့ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီနဲ့အတူ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး မှတ်တမ်းဗီဒီယိုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်၊ ကျေးရွာများအား ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ရာ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ က လွှမ်းခြုံမှုနှင့်စွမ်းဆောင်မှုအကောင်းဆုံးဆုတွင် ပထမဆုရ ရှမ်းပြည်နယ်၊ ဒုတိယဆုရ မကွေးတိုင်းဒေသကြီး၊ တတိယဆုရ ရန်ကုန်တိုင်းဒေသကြီးနှင့် အထူးဆုရ ချင်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးက လွှမ်းခြုံမှုအကောင်းဆုံးဆုတွင် ပထမဆုရ ကချင်ပြည်နယ်၊ ဒုတိယဆုရ စစ်ကိုင်းတိုင်းဒေသကြီး၊ တတိယဆုရ မွန်ပြည်နယ်နှင့် အထူးဆုရ နေပြည်တော်ကောင်စီ နယ်မြေတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်သန်းသန်းနွယ် က စွမ်းဆောင်မှုအကောင်းဆုံးဆုတွင် ပထမဆုရ ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရ ကရင်ပြည်နယ်၊ တတိယဆုရ ရခိုင်ပြည်နယ်နှင့် အထူးဆုရ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း၊ နာယက ဒေါ်နီနီဝင်းက စဉ်ဆက်မပြတ် စွမ်းဆောင်မှုအကောင်းဆုံးဆုတွင် ပထမဆုရ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရ ရှမ်းပြည်နယ်၊ တတိယဆုရ မွန်ပြည်နယ်နှင့် အထူးဆုရ မန္တလေးတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင်နာယကများဖြစ်သည့် ဒေါ်ခင်သက်ဌေးနှင့် ဒေါ်သန်းသန်းနွယ်တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် (၁၉)ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးနေ့လယ်ပိုင်း(ပထမပိုင်းအစီအစဉ်)ကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာသက်သက်ဇင်က အမှာစကားပြောကြားပြီး သဘာပတိ အဖြစ်ဆောင်ရွက်သည်။ ဆက်လက်၍ နေပြည်တော်/တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့များက (၂)နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များကို တင်ပြကြပြီး တင်ပြချက်များအပေါ် သဘာပတိမှ ပြန်လည်သုံးသပ်ခဲ့သည်။
ဆက်လက်၍ အစည်းအဝေးနေ့လယ်ပိုင်း(ဒုတိယပိုင်းအစီအစဉ်)ကို ဆက်လက်ကျင်းပရာ ဒုတိယဥက္ကဋ္ဌ-၁ ဒေါ်တင်တင်လတ်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များက (၂)နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များကို တင်ပြကြရာ တင်ပြချက်များအပေါ် သဘာပတိမှ ပြန်လည်သုံးသပ်ခဲ့ကြောင်းနှင့် အဆိုပါနှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလ(၁၆)ရက်နေ့မှ (၁၇)ရက်နေ့အထိ (၂)ရက်တာ ကျင်းပသွားမည်ဟု သတင်းရရှိပါသည်။