လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲပြုလုပ်

     လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social  Management Information System-SMIS) စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
    အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်တွင်ပါဝင်သည့်  အဓိကလုပ်ငန်းစဉ်များအနက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်  (MCCT) လူမှုရေးပင်စင်အစီအစဉ်နှင့် လူမှုဖြစ်ရပ်စီမံခန့်ခွဲခြင်း အစီအစဉ်တို့ကို SMIS Platform တစ်ခုတည်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်သတင်းနည်းပညာဌာန၏ နည်းပညာအကူအညီဖြင့် ရေးဆွဲခဲ့ရာ ယခုဆိုလျှင် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ် (SMIS) အကောင်အထည်ပေါ်အောင်မြင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ Social Pension အစီအစဉ်နှင့် MCCT အစီအစဉ်တို့တွင် လက်ရှိအကျိုးခံစားလျက်ရှိသည့် အကျိုးခံစားခွင့်ရှိသူစာရင်းများအား SMIS စနစ်အတွင်းသို့ Data Migration ပြုလုပ်ဆောင်ရွက်နိုင်ရန်နှင့် SMIS စနစ်အား စမ်းသပ်အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ယခုလအတွင်း ပထမအကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ Social Pension အစီအစဉ်၏  Data Migration သင်တန်းပို့ချရန် ကျန်ရှိသည့် မြို့နယ်ပေါင်း (၂၀၀) ကျော်ရှိ သင်တန်းသားများနှင့် ယခုကဲ့သို့ ဒုတိယအကြိမ် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊  သင်တန်းသား/ သူများအနေဖြင့်လည်း နည်းပြပညာရှင်များ၏ သင်ကြားပြသပေးမှုများအား အထူးဂရုပြုအလေးအနက်ထားပြီး လိုက်နာသင်ယူသွားကြရန် အရေးကြီးပါကြောင်း၊ SMIS Software နှင့် ဆောင်ရွက်ခြင်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပြည်သူသို့ ဝန်ဆောင်မှု ပေးသောလုပ်ငန်းများ ပိုမိုကောင်းမွန်ထိရောက်လာစေခြင်းနှင့် သတင်းအချက်အလက်များ ပိုမိုလုံခြုံ စိတ်ချရခြင်းစသည့်  အကျိုးကျေးဇူးများရရှိမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
    အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တပ်မတော်သတင်းနည်းပညာဌာနမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ စုစုပေါင်း (၇၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

FacebookTwitter