ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစီးမှူးများ၊ တာဝန်ခံများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဆန်းစစ်အကဲဖြတ်ခြင်းနှင့် ခြုံငုံသုံးသပ်ခြင်းများဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစီးမှူးများ၊ တာဝန်ခံများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာန၏ (၁-၂-၂၀၂၁)ရက်နေ့မှ (၃၁-၁၂-၂၀၂၂)ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် ဆန်းစစ်အကဲဖြတ်ခြင်းနှင့် ခြုံငုံသုံးသပ်ခြင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃)၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးမှ ဌာနခွဲတာဝန်ခံ လက်ထောက်အတွင်းဝန်များ၊ ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဦးစီးမှူးများ၊ တာဝန်ခံများမှ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လုံခြုံရေးအရ စိန်ခေါ်မှုများသောကာလ အတွင်း ပုံမှန်ဆောင်ရွက်နေရသည့် လုပ်ငန်းကိစ္စရပ်များအား အခက်အခဲကြားမှ ဆောင်ရွက်နေရ သည့် ဝန်ထမ်းများအားလုံး၏ စေတနာနှင့် ဆောင်ရွက်ချက်များကို ဂုဏ်ယူမှတ်တမ်းတင်ရှိ ပါကြောင်း၊ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားသည့်ကာလအတွင်း ဝန်ကြီးဌာနအနေဖြင့် ပရဟိတအဖွဲ့အစည်းများကိုစည်းရုံးကာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက် ရပါကြောင်း၊ ကိုဗစ်ကာလအတွင်း Work from Home အနေဖြင့် Online အသုံးပြု၍ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရပြီး အခြေအနေအရပ်ရပ်၊ အခက်အခဲအမျိုးမျိုးကြားမှ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ ဆောင်ရွက်နိုင်ခဲ့ကြတာကို တွေ့ရှိရပါကြောင်း၊ ဦးစီးဌာနများ အနေဖြင့် ရုံးချုပ်နှင့် တိုင်းဒေသကြီး /ပြည်နယ်ဦးစီးမှူးရုံးများ လုပ်ငန်းဆောင်ရွက်ရာတွင် သဘောသဘာဝ မတူညီကြဘဲ တိုင်းဒေသကြီး / ပြည်နယ်ဦးစီးမှူးရုံးများအနေဖြင့် လက်တွေ့ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ပြည်သူလူထုနှင့် ထိတွေ့၍ ဆောင်ရွက်ပေးနေခြင်းများကို တွေ့ရှိရပြီး ရုံးချုပ်အနေဖြင့် နည်းပညာပိုင်း ဆောင်ရွက်မှု၊ အထက်ဌာနများ၏ လမ်းညွှန်ချက်နှင့်အညီ ကြီးကြပ်မှုများပြုလုပ်ကြရပြီး လုပ်ငန်းများကိုစနစ်တကျဖြင့် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ချမှတ်ထားသည့် မူဝါဒများနှင့်အညီ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်ဆောင်ရွက်ရန် လိုပါကြောင်း၊ MoU/LoA အသစ်ရေးထိုးနိုင်ရေး ဆောင်ရွက် လျှက်ရှိသော UN/INGO အဖွဲ့များနှင့် ပတ်သက်၍လည်း ဆောင်ရွက်ရမည့် လု်ပငန်းစဉ်များ ပြည်စုံရေး၊ လိုက်နာရမည့် အချက်အလက်များ မှန်ကန်တိကျရေး အလေးထား ဆောင်ရွက်ပြီး ပြည့်စုံမှသာ ထောက်ခံချက် ပေးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် အလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းများ အရှိန်အဟုန်မပျက်တိုးတက်ရေး ဆောင်ရွက်သွားကြရန် စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်က ၁-၂-၂၀၂၁ ရက်နေ့မှ ၃၁-၁၂-၂၀၂၂ ရက်နေ့အထိ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခြင်း၊ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများမှ မိမိတို့တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ အကောင်အထည်ဖော်နိုင်မှု ရလဒ်များ၊ တွေ့ကြုံရသည့်အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ ရှင်းလင်းချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးကို (၁၇:၀၀)နာရီတွင် ရပ်နားခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့်အတူ ညစာအတူတကွသုံးဆောင်ခဲ့ပြီး တက်ရောက်လာသူများအား ပြည်ထောင်စုဝန်ကြီးက ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါကြောင်း သိရှိရပါသည်။
ဝန်ကြီးဌာန၏ အဆိုပါ ဆန်းစစ်အကဲဖြတ်ခြင်းနှင့် ခြုံငုံသုံးသပ်ခြင်းအစည်းအဝေးကို ၂၄-၁-၂၀၂၃ ရက်နေ့တွင် ဒုတိယနေ့အဖြစ် ထပ်မံကျင်းပသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။