လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) စနစ် စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက် (၁၀:၀ဝ) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ တပ်မတော်သတင်းနည်းပညာဌာနမှတာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ခံအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) Software သည် တပ်မတော်သတင်းနည်းပညာဌာန၏ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကြောင့် ယနေ့ကဲ့သို့ အကောင်အထည်ပေါ် အောင်မြင်ခဲ့ခြင်းဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ပံ့ပိုးကူညီမှုဖြင့် နိုင်ငံအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော နည်းပညာအသုံးပြု ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်ဖြစ်သည့် “လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် - Case Management Information System-CMIS” ကို ပါဝင်ယှဉ်ပြိုင် ခဲ့ရာ ASOCIO Digital Government Award ကို ရရှိခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် Digital စနစ်သို့အသွင်ကူးပြောင်းနိုင်မှု၏ သမိုင်းမှတ်တိုင်တစ်ခုလည်းဖြစ်ပါကြောင်း၊ ယခုဆိုရင်ပြည်သူလူထုအတွင်း လူမှုရေးဝန်ဆောင်မှုများကို ထိရောက်စွာဆောင်ရွက်လာနိုင်တော့မှာဖြစ်ပြီး SMIS Software ရေးဆွဲဆောင်ရွက်ခြင်းဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များကို စီမံခန့်ခွဲရာ၌ ကုန်ကျစရိတ်များသက်သာစေခြင်း၊ အကျိုးခံစားခွင့်ရရှိသူများ၏ ပြီးပြည့်စုံသောအချက်အလက်များကို ထိန်းသိမ်းထားနိုင်ခြင်း၊ အစီအစဉ်အသစ်များကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်ခြင်း၊ အကျိုးခံစားခွင့်ရရှိသူများအား ဝန်ဆောင်မှုများပေးရာတွင် ရည်ရွယ်ချက် များနှင့်အညီ ပိုမိုထိရောက်အောင်မြင်စွာ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ခြင်းစတဲ့ အကျိုးကျေးဇူးများ ကိုရရှိမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်း သင်တန်းကို (၉.၁.၂၀၂၃) ရက်နေ့မှ (၂၀.၁.၂၀၂၃ ) ရက်နေ့အထိ သင်တန်းသား (၅၁) ဦးဖြင့် ရက်သတ္တ (၂) ပါတ်အကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ပြီး လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၅.၁.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်တွင်ပါဝင်သည့် အဓိကလုပ်ငန်းစဉ်များအနက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက် (၂) နှစ် အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) လူမှုရေးပင်စင်အစီအစဉ်နှင့် လူမှုဖြစ်ရပ်စီမံခန့်ခွဲခြင်း အစီအစဉ်တို့ကို SMIS Platform တစ်ခုတည်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်သတင်းနည်းပညာဌာန၏ နည်းပညာအကူအညီဖြင့် ရေးဆွဲခဲ့ရာ ယခုဆိုလျှင် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ် (SMIS) အကောင်အထည်ပေါ် အောင်မြင်ခဲ့ပြီဖြစ်ပါကြောင်း၊ Social Pension အစီအစဉ်နှင့် MCCT အစီအစဉ်တို့တွင် လက်ရှိ အကျိုးခံစားလျက်ရှိသည့် အကျိုးခံစားခွင့်ရှိသူစာရင်းများအား SMIS စနစ်အတွင်းသို့ Data Migration ပြုလုပ်ဆောင်ရွက်နိုင်ရန်နှင့် SMIS စနစ်အား စမ်းသပ်အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ယခုလအတွင်း ပထမအကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ Social Pension အစီအစဉ်၏ Data Migration သင်တန်းပို့ချရန်ကျန်ရှိသည့် မြို့နယ်ပေါင်း (၂၀၀) ကျော်ရှိ သင်တန်းသားများနှင့် ယခုကဲ့သို့ ဒုတိယအကြိမ် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/ သူများအနေ ဖြင့်လည်း နည်းပြပညာရှင်များ၏ သင်ကြားပြသပေးမှုများအား အထူးဂရုပြုအလေးအနက်ထားပြီး လိုက်နာသင်ယူသွားကြရန် အရေးကြီးပါကြောင်း၊ SMIS Software နှင့် ဆောင်ရွက်ခြင်းဖြင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပြည်သူသို့ဝန်ဆောင်မှု ပေးသောလုပ်ငန်းများ ပိုမိုကောင်းမွန် ထိရောက် လာစေခြင်းနှင့် သတင်းအချက်အလက်များ ပိုမိုလုံခြုံစိတ်ချရခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တပ်မတော်သတင်းနည်းပညာဌာနမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ သင်တန်းသား/သူ စုစုပေါင်း (၇၀) ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။