မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၁/၂၀၂၃) အစည်းအဝေးကျင်းပ
မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များဖြစ်ကြသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏အဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအနေဖြင့် မြန်မာနိုင်ငံအတွင်းမှာရှိသည့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို အကျယ်တဝင့် ဆောင်ရွက်နိုင်ရန်တို့အတွက် ဖွဲ့စည်းထားသည့် နိုင်ငံအဆင့်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအနေဖြင့် မြန်မာနိုင်ငံရှိအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရေးအတွက် မူဝါဒ (၄) ရပ်၊ လုပ်ငန်းတာဝန် (၇) ရပ်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီဝင်အစိုးရဌာန/ အဖွဲ့အစည်းများအနေနှင့်ချမှတ်ထားသည့် မူဝါဒများနဲ့အညီလုပ်ငန်း တာဝန်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ဒါ့အပြင် ပြည်ထောင်စုအဆင့်သာမက တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စသည့် ဒေသမြေပြင်များမှာပါ သက်ဆိုင်ရာ အမျိုးသမီးကော်မတီများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါလို့မှာကြားလိုပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီမှဦးစီးရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women - NSPAW) (၂၀၁၃-၂၀၂၂) မှာ စီမံချက်သက်တမ်း ကုန်ဆုံးပြီဖြစ်၍ NSPAW Phase II (၂၀၂၃-၂၀၃၂) ကို ရေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများပါဝင်သည့် ဦးဆောင်ကော်မတီ (၁) ရပ်နှင့် သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်သည့် လုပ်ငန်းကော်မတီ (၁၂) ခုကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ဦးဆောင်ရေးဆွဲထားသည့် “ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းစီမံချက်”ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီနှင့် ရခိုင်ပြည်နယ် စီမံချက်ကျေးရွာများတွင် Quick win project အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ငယ်မုဒိမ်းအပါအဝင် ကျား-မ အခြေပြု အကြမ်းဖက်မှု (Gender Based Violence- GBV) များနဲ့ ပတ်သက်ပြီး ဆက်သွယ်တိုင်ကြားနိုင်ရန် Helpline ဖုန်းနံပါတ် “1566” ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးထုသည်လူဦးရေ၏ (၅၃) ရာခိုင်နှုန်း ရှိသောကြောင့် အစိုးရက ဦးဆောင်၍ အမျိုးသမီးထုတစ်ရပ်လုံးဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများသည်လည်း အရေးပါသည့်ကဏ္ဍများဖြစ်သောကြောင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြခြင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့သည့်အစည်းအဝေး အမှတ်စဉ် ၂/၂၀၂၂ ၏ဆုံးဖြတ်ချက်များ အပေါ်ဆောင်ရွက်ခဲ့မှုများကို တင်ပြဆွေးနွေးခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များက ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးကို နေ့လယ် (၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။