နိုင်ငံအတွင်းရှိ ပရဟိတဂေဟာများတွင် ကလေးသူငယ်များအား လက်ခံစောင့်ရှောက်မှုနှင့် ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေအား လေ့လာဆန်းစစ်သည့် သုတေသနလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်

   နိုင်ငံအတွင်းရှိ ပရဟိတဂေဟာများတွင်  ကလေးသူငယ်များအား လက်ခံစောင့်ရှောက်မှုနှင့် ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေအား လေ့လာဆန်းစစ်သည့် သုတေသနလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက်  ညှိနှိုင်းအစည်း အဝေးအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း အထွေထွေအတွင်းရေးမှူး၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂) ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်အရ နိုင်ငံအတွင်းရှိ ပရဟိတဂေဟာများတွင် ကလေးသူငယ်များ လက်ခံစောင့်ရှောက်မှုနှင့်ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများဥပဒေနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေအား လေ့လာဆန်းစစ်သည့် သုတေသနလုပ်ငန်းကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ထားရှိခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ညှိနှိုင်း အစည်းအဝေးအားကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရန်နှင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ INGOs/NGOsများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး UNCRC ပါကလေးသူငယ်များနှင့်ပတ်သက်ပြီး အသက်ရှင်သန်ခွင့်(Survival)၊ ဖွံ့ဖြိုးတိုးတက်ခွင့် (Development)၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့် (Protection) နှင့် ပါဝင်ဆောင်ရွက်ခွင့် (Participation) စသည့် ကလေးသူငယ်အခွင့်အရေး (၄) ရပ် ကို Focal Ministry အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါအခွင့်အရေး (၄) ရပ်ကို အကောင်အထည်ဖော်ရာတွင်ဝန်ကြီးဌာနအနေဖြင့်  ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ (၂၀၁၄)၊ နည်းဥပဒေ (၂၀၁၅)၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉)၊ ပရဟိတဂေဟာ၊ သင်တန်းကျောင်းများတွင် အနိမ့်ဆုံးထားရှိရမည့်စံချိန်စံညွှန်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ တည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်း လမ်းညွှန်စသည်တို့ကို ရေးဆွဲပြဋ္ဌာန်းခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်အတွက် သုတေသနလုပ်ငန်းသည် အရေးပါပါကြောင်း၊ သုတေသနမှထွက်ပေါ်လာသော ရလဒ်များဖြင့် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယခုအခါ ဝန်ကြီးဌာနအနေဖြင့် လူမှုရေးပညာဘွဲ့ဒီဂရီပေးအပ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး၊ လူမှုရေးပညာဘွဲ့၏ သင်ရိုးညွှန်းတမ်းတွင် သုတေသနဘာသာရပ်ထည့်သွင်းပါရှိပါကြောင်း၊ လူမှုရေးပြဿနာများနှင့်ပတ်သက်သော သုတေသနများလုပ်ဆောင်ခြင်းဖြင့် နောက်ပိုင်းတွင် သုတေသနလုပ်ငန်းများ ပို၍အရှိန်ရ အားကောင်းလာမှာဖြစ်ပါကြောင်း၊ သုတေသန မှထွက်ပေါ်လာသော ရလဒ်များကိုလည်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် ရှင်းလင်းတင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ချက်များအပေါ် မည်သို့ဖြေရှင်းဆောင်ရွက်ပေးရမည်ဆိုသည့် နည်းလမ်းများ ရရှိလာမှာဖြစ်ပါကြောင်း၊ ကလေးများသည် မိမိတို့၏နိုင်ငံ့အနာဂတ်များဖြစ်ပါကြောင်း၊ နိုင်ငံ့အနာဂတ်ကလေးများအတွက် မိသားစုမှစတင်ပြီး မိသားစု ဘဝကို ပိုပြီးအလေးထားခြင်းဖြင့် မိသားစုဘဝ ပို၍ကောင်းမွန်ပြီး မိသားစုကောင်းလျှင် Society တစ်ခုလုံး ကောင်းမွန်လာမှာ ဖြစ်ပါကြောင်း၊ ကလေးများသည်လည်း ဂေဟာသို့သွားရသည့် ပမာဏမှာလျော့နည်းသွားမည် ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မိသားစုနှင့်မနေရသော၊ ပရဟိတဂေဟာများတွင် ရောက်ရှိနေသော ကလေးများကိုနိုင်ငံ၏လူ့စွမ်းအားအရင်း အမြစ်များ အဖြစ်သတ်မှတ်၍ တန်ဖိုးထားစောင့်ရှောက်ရန်လိုအပ်ပါကြောင်း၊ မိသားစုတွင်းရှိ ကလေးများသာမက ပရဟိတဂေဟာများရှိ ကလေးများပါကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိကာ မိမိကိုယ်ကို တန်ဖိုးထားအလေးထားတတ်စေရန်အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ နိုင်ငံအတွင်းရှိ ပရဟိတဂေဟာများတွင် ကလေးသူငယ်များ လက်ခံစောင့်ရှောက်မှုနှင့်ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေအား လေ့လာဆန်းစစ်သည့် သုတေသနလုပ်ငန်းနှင့်ပတ်သက်၍ ညွှန်ကြားရေးမှူးမှ ရှင်းလင်းတင်ပြခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို နေ့လယ် (၁၁ : ၄၀ ) တွင် ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter