လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက် သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက် သုံးသပ် ညှိနှိုင်းအစည်းအဝေးကို (၁၇.၂.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ သက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် စီမံချက်နယ်မြေများမှညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခု စီမံချက်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ အချိန်ကာလ ၁ နှစ်ခွဲ သတ်မှတ်၍ ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်း၊ စီမံချက်ကာလအတွင်း ချမှတ်ထားတဲ့ လုပ်ငန်းစဉ်များကိုသတ်မှတ်ကာလအတွင်း ပြည့်မြောက်အောင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စီမံချက်မြို့နယ်များတွင်လည်း လမ်းပေါ်နေကလေးများရဲ့ အချက်အလက်ဆန်းစစ်လေ့လာခြင်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်တာကြောင့် လမ်းပေါ်နေကလေးများရဲ့ သဘောသဘာဝနဲ့ လမ်းပေါ်နေ ကလေးဖြစ်ရခြင်း အကြောင်းရင်းများကို ထပ်မံလေ့လာ၍ လက်တွေ့မြေပြင်အတွေ့အကြုံများအရ အသိပညာပေးခြင်း၊ ဖြစ်ရပ်စီမံခန့်ခွဲခြင်း၊ သက်မွေးပညာ၊ အတန်းပညာနဲ့ ကျောင်းပြင်ပ ပညာရေးပံ့ပိုးမှု၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတို့ရဲ့ပါဝင်ဆောင်ရွက်မှု စတဲ့အခန်းကဏ္ဍများ အလိုက်အရေးပါတဲ့ အစိတ်အပိုင်းများကို ဦးစားပေးနယ်ပယ်သတ်မှတ်ပြီး ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စီမံချက်ကာလအတွင်း ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများနှင့် စီမံချက်အပေါ် အားသာချက်၊ အားနည်းချက်တို့နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စီမံချက်နယ်မြေများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီတို့မှ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးများက လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်အပေါ် ဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် စီမံချက်အပေါ်သုံးသပ်တင်ပြချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။
နိဂုံးချုပ်အားဖြင့် ပြည်ထောင်စုဝန်ကြီးက လမ်းပေါ်နေကလေးဖြစ်ရခြင်း၏ အဓိက အခြေခံအကြောင်းအရင်းတစ်ရပ်မှာ ဆင်းရဲနွမ်းပါးမှုကြောင့်ဖြစ်ပြီး ပြဿနာ၏ဇစ်မြစ်ကို သိသော်လည်း လက်တွေ့ရင်ဆိုင်ဖြေရှင်းရာတွင် ကလေးနှင့်မိသားစုများ၏နောက်ခံအကြောင်းအရင်း၊ ပတ်ဝန်းကျင်အခြေအနေ၊ ၎င်းတို့ရဲ့ဘဝခံယူချက်၊ လူ့အဖွဲ့အစည်း၏ အမြင်သဘောထား၊ တုံ့ပြန်ဆက်ဆံမှုစသည့်မြင်သာပြီး ဖြေရှင်းရန်ခက်ခဲသည့် လူမှု-ယဉ်ကျေးမှု အခြေအနေတွေအပေါ်မှာ မူတည်နေကြောင်းကို သုံးသပ်နိုင်ပါကြောင်း၊ ယခုစီမံချက်ပါ မြို့နယ်များမှာ တွေ့ကြုံခဲ့တဲ့ဖြစ်ရပ်များကိုနမူနာယူပြီး အခြားအလားတူဖြစ်ရပ်များမှာ ပိုမိုသာလွန်ကောင်းမွန်တဲ့ ဖြစ်ရပ်စီမံခန့်ခွဲမှုတွေ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ယခုစီမံချက်ပါ ကလေးများနှင် မိဘများကိုလည်း ထပ်မံ၍လမ်းပေါ်နေကလေးများ မဖြစ်ပေါ်စေဘဲ လမ်းပေါ်နေသံသရာက လွတ်မြောက်စေဖို့အတွက်ချမှတ်ထားတဲ့ အစီအစဉ်တွေအတိုင်း နောက်ဆက်တွဲ စောင့်ရှောက်မှုများကို အကောင်ထည်ဖော်ဆောင်ရွက်ပြီး စနစ်တကျမှတ်တမ်းတင်ထားရှိဖို့လည်း လိုအပ်ပါကြောင်း၊ ယခုစီမံချက်မှာ ပါဝင်ဆောင်ရွက်ပေးခဲ့ကြတဲ့ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား နေ့လယ် (၁၂:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ (၁၈) လတာ သတ်မှတ်ဆောင်ရွက်ခဲ့ပြီး နေပြည်တော်ကောင်စီ၊ ပျဉ်းမနားမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အောင်မြေသာစံနှင့် ချမ်းအေးသာစံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း၊ မင်္ဂလာတောင်ညွန့်၊ လှိုင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့မှ လမ်းပေါ်နေကလေး (၁၀၀) ဦးအတွက် ရည်ရွယ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။