အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း NSPAW Phase II ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး
အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း NSPAW Phase II ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ (၁၆:၀၀)နာရီတွင် နေပြည်တော်ရှိ Aureum Palace Hotel, Lake View Hall ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း Phase II ရေးဆွဲရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း Phase II ရေးဆွဲရေးလုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က နိုင်ငံတော်အနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး ကျား၊ မတန်းတူညီမျှတဲ့ အနာဂတ်ကိုဖော်ဆောင်ရာတွင် အမျိုးသမီးများနှင့်မိန်းကလေးငယ်များသည် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအနှစ်ချုပ် အစီရင်ခံစာအရ အမျိုးသမီးက ၅၃.၂ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂက ထုတ်ပြန်ထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (SDG)ပန်းတိုင် အမှတ်(၅) ဖြစ်သည့် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများနဲ့အမျိုးသမီးငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရေးတို့ကို ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women-NSPAW)(၂၀၁၃-၂၀၂၂)(Phase 1)ကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ဦးဆောင်မှုဖြင့် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရေးဆွဲခဲ့ပါကြောင်း၊ အဆိုပါမဟာဗျူဟာ စီမံကိန်းအနေဖြင့် ၂၀၂၂ ခုနှစ်မှာ စီမံကိန်းကာလပြီးဆုံးခဲ့ပြီဖြစ်ကာ စီမံကိန်း၏ အားသာချက်၊ အားနည်းချက်များအပေါ်လေ့လာသုံးသပ်ထားပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(Phase 2)ကို ဆက်လက်ရေးဆွဲနိုင်ရေး ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များသည် cross-cutting issue ဖြစ်တဲ့အတွက် မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရာမှာ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များအလိုက် ဆက်စပ်ဝန်ကြီးဌာနများ၏ လုပ်ငန်းစီမံကိန်းများနှင့် ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တိုက်တွန်းပြောကြားလိုပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း Phase 2 ရေးဆွဲရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းအစီအစဉ်များ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့်လုပ်ငန်းကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့ကြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။