ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သက်ကြီးပုဂ္ဂိုလ်များတွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် လူငယ်သင်တန်းကျောင်းများမှ ၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်အတွင်း ဆုရရှိသည့် ကျောင်းသား/သူများ ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

    သက်ကြီးပုဂ္ဂိုလ်များ တွေ့ဆုံနှီးနှောခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊  အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သက်ကြီးဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ ရန်ကုန်တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များ၊ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာနှင့် ဘိုးဘွားရိပ်သာများမှ ဖိတ်ကြားခံ ဘိုးဘွားများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် အားလုံးအကျုံးဝင်သည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်နှင့် လူမှုစီးပွားဘဝတိုးတက်ကာ ပိုမိုဘေးကင်းလုံခြုံပြီး သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့် လူအဖွဲ့အစည်းဖြစ်လာစေရေးအတွက် သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရိပ်သာအခြေပြု၊ ရပ်ရွာအခြေပြုနှင့် နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာများ ဖွင့်လှစ်ပေးခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရိပ်သာအခြေပြု‌ စောင့်ရှောက်မှုအဖြစ် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများက တည်ထောင်ဖွင့်လှစ်ထားတဲ့ ဘိုးဘွားရိပ်သာများကို တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ အဆင့်အလိုက် ငွေကြေးထောက်ပံ့ခြင်းနဲ့ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဘိုးဘွားရိပ်သာ (၉၃) ခုမှ ဘိုးဘွားစုစုပေါင်း (၂,၆၅၃)ဦး အတွက် (၃၁၄.၅၂၉) ကျပ်သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များ၏ လူမှုရေးအရအထီးကျန်ဆန်ခြင်းကို လျှော့ချပေးနိုင်ရန်နှင့် သက်ကြီးပုဂ္ဂိုလ်များ၏ အခန်းကဏ္ဍများကို ပိုမိုတိုးမြှင့်နိုင်ဖို့အတွက် “သက်ကြီးရွယ်အိုများနေ့ပိုင်း စောင့်ရှောက်ရေးဂေဟာ” ဖွင့်လှစ်ခဲ့ပြီး အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များကို လက်ခံစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ဒေသရပ်ရွာအတွင်းတွင် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ပေးရသူများအနေဖြင့် စနစ်တကျ ပြုစုစောင့်ရှောက်မှုပြုပေးနိုင်ရန်နှင့် သက်ကြီးပုဂ္ဂိုလ်၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်ချက်နှင့် ကိုက်ညီသည့် နည်းပညာများရရှိစေရန်တို့ကို ရည်ရွယ်ပြီး “သက်ကြီးပုဂ္ဂိုလ်များအတွက် ပြုစုစောင့်ရှောက်သူ (Care Giver)” သင်တန်းကို ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် သက်ကြီးပုဂ္ဂိုလ်များ၏ ဘဝမြှင့်တင်ရန်၊ လိုအပ်သောကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုများပေးနိုင်ရန်နှင့် သက်ကြီးပုဂ္ဂိုလ်များအတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရရှိခံစားနိုင်စေရန်တို့အတွက်  “သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေ” ၂၀၁၆ နှင့် နည်းဥပဒေများ ၂၀၂၂ တို့ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ “မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ” ကို ဖွဲ့စည်းနိုင်ခဲ့ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ သက်ကြီးပုဂ္ဂိုလ်ဦးရေဟာအရေအတွက် လျင်မြန်စွာတိုးပွားလာနေသည့်အတွက် သက်ကြီးပုဂ္ဂိုလ်များ၏ ဘဝမြှင့်တင်နိုင်ရေး၊ လိုအပ်သည့် ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ရေရှည်မှာ ယခုထက်ပိုမိုကောင်းမွန်သည့် အစီအမံများကို ရေးဆွဲချမှတ်ဆောင်ရွက်ပေးနိုင်ရေး၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်မှာ အတည်ပြုထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ် (၈) ရပ်အနက် တစ်ခုဖြစ်တဲ့ လူမှုရေးပင်စင်ထောက်ပံ့မှု အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လက်ရှိ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ (၂၀၆,၈၈၇) ဦးရှိပြီး ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးအတွက် (၃)ကြိမ်စာအဖြစ် ရန်ပုံငွေကျပ် (၂၀.၂၈၁) ဘီလီယံကို ထောက်ပံ့ပေးနိုင် ခဲ့ပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲမှာ သက်ကြီးပုဂ္ဂိုလ်တွေရဲ့ စကားသံများကိုနားထောင်ပြီး လိုအပ်တဲ့ပံ့ပိုးမှုများ ဆောင်ရွက်နိုင်ဖို့၊ လူ့အဖွဲ့အစည်းအတွင်းသက်ကြီးပုဂ္ဂိုလ်များပါဝင်ဆောင်ရွက်ခွင့်ရရှိဖို့၊ သက်ကြီးပုဂ္ဂိုလ်များအပေါ် အလေးထားမှုကိုပြသနိုင်ရန်နှင့် သက်ကြီးသူများအချင်းချင်း အခုလိုတွေ့ဆုံကြခြင်းဖြင့် အတွေ့အကြုံကောင်းတွေမျှဝေနိုင်ရန်နှင့် ရရှိလာမည့်အချက်အလက် များအပေါ်မှာမူတည်ပြီး အနာဂတ်တွင် သက်ကြီးပုဂ္ဂိုလ်များ စောင့်ရှောက်မှုလုပ်ငန်းစဉ်များ ရေးဆွဲရာမှာ အထောက်အကူပြုနိုင်မှာဖြစ်တဲ့အတွက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ပါဝင် ခွင့်ရသည့် အဘိုးအဘွားများအနေဖြင့်  အတွေ့အကြုံများနှင့်အတူ လက်ရှိဆောင်ရွက်ပေးမှု အခြေအနေများအပေါ် အကြံပြုလိုသည့် အချက်များကို အဘိုးအဘွားတို့က ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ တက်ရောက်လာသော ဘိုးဘွားများက အုပ်စုများခွဲ၍ ဘိုးဘွားများနှင့် ပတ်သက်သည့် စောင့်ရှောက်မှုအစီအစဉ်များ၊ သက်ကြီးဖြစ်စဉ်နှင့် စိတ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးရမည့်အချက်များ၊ ဖြစ်ပွားတက်သည့် ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ရမည့်အချက်များ၊ ပုံမှန်ဝင်ငွေ၊ စားသောက်နေထိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးအသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်ခွင့် စသည့်ခေါင်းစဉ်များဖြင့် အုပ်စုလိုက် ဆွေးနွေးခဲ့ကြပြီး သက်ကြီးဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ဆွေးနွေးချက်များအပေါ် ခြုံငုံသုံးသပ်အနှစ်ချုပ်ဆွေးနွေးပေးခဲ့ပါသည်။

      ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး လိုက်ပါလျက် အမျိုးသမီးကလေးများသင်တန်းကျောင်း (မလိခ) တွင် ကျင်းပပြုလုပ်သည့် လူငယ်သင်တန်းကျောင်းများမှ ၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်အတွင်းဆုရရှိသည့် ကျောင်းသား/သူများ ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားသို့ပါဝင်တက် ရောက်ခဲ့ကြပါသည်။

      အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုလိုဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရခြင်းမှာ ကျောင်းသားမောင်မယ်များအနေဖြင့် စိတ်ပါဝင်စားသည့် နယ်ပယ်အလိုက် ဆင့်ကဲကြိုးစားလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် မိမိတို့အနေဖြင့် မိဘအုပ်ထိန်းသူများဖြစ်သည့်အတွက် ကိုယ့်သား/သမီးများ၏ အောင်မြင်မှုကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုပေးခြင်းလည်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကိုဆောင်ရွက်ရာတွင် သင်တန်းကျောင်းအခြေပြု၊ ရပ်ရွာအခြေပြုလုပ်ငန်းစဉ်များချမှတ်ပြီးဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းကျောင်းအခြေပြုလုပ်ငန်းများသည် ကလေးနှင့် လူငယ်စောင့်ရှောက်ရေးလုပ်ငန်း၏ အရေးကြီးသည့် လုပ်ငန်းရပ်လည်းဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းများတွင် ဖြစ်ရပ်တစ်ခုချင်း၊ ဆင့်ကဲဖြစ်စဉ်အစုလိုက်နှင့် ရပ်ရွာအဆင့် လုပ်ငန်းစသဖြင့် တိုက်ရိုက်ပံ့ပိုးပေးရသည့် နည်းလမ်းများအပါအဝင် လူမှုရေးဥပဒေများ၊ မူဝါဒများထုတ်ပြန်ခြင်း၊ လူမှုရေးစီမံခန့်ခွဲမှုနှင့် လူမှုရေးသုတေသနလုပ်ငန်းစသည့် သွယ်ဝိုက်ပံ့ပိုးပေးရသည့်နည်းလမ်းများစသဖြင့် အမျိုးအစားများရှိပြီး အခုကဲ့သို့ သင်တန်းကျောင်းများဖွင့်လှစ်ပြီး စောင့်ရှောက်မှုပြုခြင်းသည် လူမှုဝန်ထမ်းလုပ်ငန်းရပ်များ အားလုံးနီးပါးနှင့် အကျုံးဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ကလေးသူငယ်များအနေဖြင့် အသက် (၁၈) နှစ် ပြည့်ပြီးသည့်နောက်ပိုင်း မိမိကိုယ်တိုင်ဘဝရပ်တည်နေထိုင်နိုင်ရေးအတွက် အတန်းပညာတစ်ခုခု သို့မဟုတ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာတစ်ခုခုကို သင်ကြား တတ်မြောက်ထားရှိမှသာ ရေရှည်တွင်အခက်အခဲမရှိဘဲ ဘဝရပ်တည်မှု ခိုင်မာစေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း ကလေးများ၏အခြေအနေကို အကဲဖြတ်မှတ်တမ်းများ ထားရှိရမည်ဖြစ်ပြီး ကလေးပြုစုစောင့်ရှောက်သူများ၏ အခြေအနေ၊ ကျောင်း၏စီမံခန့်ခွဲမှုနှင့် ကျောင်းပတ်ဝန်းကျင်တိုးတက်ရေးအခြေအနေတို့ကိုလည်း ဆန်းစစ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ဌာနရှိကလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝရပ်တည်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်လည်းရှိပြီးဖြစ်သည့်အတွက် သင်တန်းကျောင်း၏ လုပ်ငန်းများပိုမိုတိုးတက်လာမည်ဖြစ်ပြီး စီမံခန့်ခွဲသည့်နေရာတွင်လည်း ထိရောက်အောင်မြင် လာမည်ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည်ဆန်းစစ်သုံးသပ်နိုင်စေရေးအတွက် “လူငယ်သင်တန်းကျောင်းများ၏ အလုပ်ရုံဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ကလေးလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကလေးလူငယ် ယာယီစောင့်ရှောက်ရေးသင်တန်းကျောင်း၊ ကလေးလူငယ်ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်း စသည့်စောင့်ရှောက်ထားရှိသည့် အမျိုးအစားအလိုက် သင်တန်းကျောင်းများ သတ်မှတ်ဖို့လည်း ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ကျောင်းသားမောင်မယ်များအနေဖြင့် အမှန်တကယ် ကြိုးစားလျှင် ကြိုးစားမှုနှင့်ထိုက်တန်သည့် အခွင့်အလမ်းများကို ရရှိခံစားရမှာ ဖြစ်ပါကြောင်း၊ တစ်ဦးချင်းစီအလိုက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးပမ်းသွား ရမှာဖြစ်ပြီး အခုလိုငယ်ရွယ်စဉ်မှာ အချိန်ကိုအကျိုးရှိစွာ အသုံးချသွားရန်လိုအပ်ကြောင်းနှင့် တစ်ဦးချင်းစီအလိုက် ရည်မှန်းချက်ပန်းတိုင်များလည်းထားရှိရမှာဖြစ်ကြောင်း၊ တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကောင်းမွန်စွာကျော်ဖြတ်နိုင်ရန်အတွက်လည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ဖို့လည်း လိုအပ်ပါကြောင်း၊ စည်းကမ်းလိုက်နာပြီး ထူးချွန်ထက်မြက်သည့် သူများဖြစ်အောင်၊ မိမိနိုင်ငံ၊ မိမိဒေသ၊ မိမိကျောင်းများ၏ ဖွံ့ဖြိုးတိုး တက်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြသူများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း ပြော ကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းကျောင်းများအလိုက် ထူးချွန်ဆုရကျောင်းသား/သူများအား ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ မရမ်းကုန်းခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထူးချွန်ကျောင်းသား/ သူများအား  ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပါသည်။ ဆက်လက်၍ ကျောင်းသား/ သူများ က ဖျော်ဖြေရေးအစီအစဉ်များ ဖြင့်တင်ဆက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကာ အခမ်းအနား ကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

     ဆက်လက်၍ မွန်းလွှဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး လိုက်ပါလျက် မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ၊ ရန်ကုန်မြို့သို့ ရောက်ရှိကြရာတိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း ဘေးဖြစ်ပွား၊ ထောက်ပံ့ပြီးစီးမှုအခြေအနေ သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ခရိုင်ရုံး/ မြို့နယ်ရုံးများ ဖွင့်လှစ်ပြီးစီးမှုအခြေအနေ၊ ဗဟိုသိုလှောင်ရုံရန်ကုန်မြို့တွင် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁၀,၀၀၀) စာ သိုလှောင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  Aries Elan ကုမ္ပဏီမှ တင်ဒါ အောင်မြင်ဆောက်လုပ်လျက်ရှိသည့်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး RC (၃) ထပ်ဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ အရည်အသွေးစံချိန်စံညွှန် သတ်မှတ်ချက်များနှင့်အညီ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter