အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး

    အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို (၂၇.၄.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးအဖွဲ့မှ ကိုယ်စားလှယ် (၃၀) ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါအစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကုလသမဂ္ဂကွန်ဗင်းရှင်း (၃) ခုကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပံ့ပိုးကူညီမှုများနှင့် အစီရင်ခံစာများကို ပုံမှန်တင်သွင်းနိုင်ခဲ့ပါကြောင်း၊ ယခုအခါ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာ တင်သွင်းနိုင်ရေးအတွက် ရေးသားရေးအဖွဲ့ကို ဖွဲ့စည်းပြီး သက်ဆိုင်ရာဌာနများမှ လိုအပ်သည့် အချက်အလက်များ (၂) ကြိမ်တောင်းခံခဲ့ပါကြောင်း၊ အဆိုပါ အချက်အလက်များအပေါ်ပြုစုထားသည့် (မူကြမ်း) နှင့်စပ်လျဉ်း၍ ဆွေးနွေးအကြံပြုနိုင်ရန် ယခုအစည်းအဝေး ခေါ်ယူကျင်းပရခြင်းဖြစ်ပါကြောင်း၊ အစီရင်ခံစာရေးသားရေးအဖွဲ့၏ ပူးပေါင်းပါဝင်မှုနှင့်အတူ နောက်ဆုံး (final report) အထိရောက်အောင် အဆင့်ဆင့်ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   အစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက (CEDAW) ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာ 1st draft (မူကြမ်း) အပေါ်အကြံပြုဆွေးနွေးခဲ့ကြကာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း) က နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးအား ညနေ (၁၆:၄၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ 

FacebookTwitter