လူမှုသဟဇာတနှင့်လူမှုပေါင်းစည်းရေး(နည်းပြ)သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနား
ရန်ကုန်မြို့၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် (၁၂.၅.၂၀၂၃)ရက်နေ့၊ နံနက် (၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည့် လူမှုသဟဇာတနှင့်လူမှုပေါင်းစည်းရေး(နည်းပြ)သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ်၊ဒေါက်တာစန်းစန်းအေးက Onlineမှတစ်ဆင့် သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မိမိတို့ဦးစီးဌာနသည် လူမှုရေးအရထိခိုက်ခံစားနေရသော ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့်သက်ကြီးရွယ်အိုများအပေါ် လိုအပ်တဲ့ကာကွယ်စောင့်ရှောက်ပေးမှုများ၊ လူမှုရေးဝန်ဆောင်မှုများနဲ့လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူလူထုနဲ့ထိတွေ့ဆက်ဆံနေကြတဲ့ မိမိတို့ဝန်ထမ်းများအနေနဲ့ မတူကွဲပြားမှုတွေအပေါ်မှာ လိုက်လျောညီထွေဆောင်ရွက်နိုင်ဖို့လိုအပ်ပါကြောင်း၊ မတူကွဲပြားမှုဆိုတဲ့နေရာမှာလူတစ်ဦးနဲ့တစ်ဦး ကျား၊မ၊လူမျိုး၊ဘာသာ၊အသက်အရွယ်၊မိသားစုအသိုင်းအဝိုင်း၊သင်ကြားခဲ့ရတဲ့ ဘာသာရပ်များမတူညီကြသလို စိတ်ခံစားမှုနဲ့ခံယူချက်အမျိုးမျိုးလည်းရှိကြပါကြောင်း၊ ဝန်ထမ်းများအနေနဲ့ မတူကွဲပြားတဲ့ လူမှုပတ်ဝန်းကျင်က ပြည်သူအများနဲ့ ပြောဆိုဆက်ဆံရာမှာ လူမှုသဟဇာတ သဘောတရားများကို ကောင်းစွာသိရှိနားလည်ထားဖို့ အင်မတန်အရေးကြီးပါကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅) မျိုး အတူယှဉ်တွဲနေထိုင်ကြတဲ့ မိမိတို့နိုင်ငံအနေနဲ့ ဒီလိုလူမှုသဟဇာတဖြစ်စေဖို့ လူမှုပေါင်းစည်းရေးလုပ်ငန်းများ ဆောင်ရွက်ကြတဲ့နေရာမှာ Positive Thinking ဖြစ်တဲ့ အကောင်းမြင်စိတ်ကအရေးကြီးသလို၊ အမုန်းစကားများပြောဆိုခြင်းကိုရှောင်ကြဉ်ဖို့၊ တစ်ဦးတစ်ယောက်ရဲ့အခက်အခဲကို ကျန်သူများအနေနဲ့ စာနာနားလည်တတ်ဖို့ဟာလည်းအရေးကြီးပါကြောင်း၊ ဒါ့အပြင်မှန်ကန်တဲ့၊ ရှင်းလင်းပြတ်သားတဲ့သတင်းအချက်အလက်များရရှိမှုဟာလည်း လူမှုသဟဇာတဖြစ်စေဖို့ အရေးပါတဲ့အကြောင်းအရင်းတစ်ရပ်ဖြစ်တယ်ဆိုတာ အားလုံးနားလည်ထားကြဖို့လိုအပ်ပါကြောင်း၊ ကလေးသူငယ်များကို မူကြိုအရွယ်မှစတင်၍ လူမှုသဟဇာတဆိုင်ရာ အတွေးအမြင်၊ အယူအဆများ ထည့်သွင်းပေးလိုက်ခြင်းအားဖြင့် ငြိမ်းချမ်းတဲ့ လူမှုပတ်ဝန်းကျင်တစ်ရပ်ပေါ်ထွန်းဖို့ အထောက်အပံ့ပေးနိုင်တဲ့အတွက် မူလတန်းကြိုကျောင်းများတွင် လူမှုသဟဇာတဆိုင်ရာ သီချင်းများ၊ ကဗျာများ၊ ပုံပြင်များကို ထည့်သွင်းသင်ကြားဖို့ အထူးမှာကြားလိုပါကြောင်း၊ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာနှစ်မှာ မိမိတို့ဦးစီးဌာနအနေနဲ့ တိုင်းဒေသကြီး/ပြည်နယ်များမှာ လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးသင်တန်း (၂၄) ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး (၇၂၇) ဦးကို အသိပညာဖြန့်ဝေနိုင်ခဲ့၍ စီမံကိန်းအရ ရာနှုန်းပြည့်ဆောင်ရွက်နိုင်သော်လည်း တစ်နိုင်ငံလုံးအတွက်မူ လွှမ်းခြုံနိုင်မှုအားနည်းနေသေးကြောင်း၊ ဒီအတွက် ယခုနည်းပြသင်တန်းကို ဖွင့်လှစ်ပြီး နည်းပြများများ မွေးထုတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းဆင်းဝန်ထမ်းများအနေနဲ့ မိမိတို့ရပ်ရွာဒေသမှာဖွင့်လှစ်မယ့် ဆင်ပွားသင်တန်းများမှတစ်ဆင့် ရပ်ရွာပြည်သူလူထုအတွင်း တတ်စွမ်းသမျှ ထပ်ဆင့်အသိပညာပေးကာ ပညာရပ်များကို အကျိုးရှိရှိ ပြန်လည်အသုံးချဖို့နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပိုမိုမြှင့်တင်ဖော်ဆောင်ကြဖို့လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းသားတစ်ဦးချင်းအလိုက် သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။ အဆိုပါသင်တန်းအား (၈.၅.၂၀၂၃) ရက်နေ့မှ (၁၂.၅.၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းဖြင့် ဌာနဝန်ထမ်းများ၏ အရည်အသွေးနှင့် လူမှုသဟဇာတပညာရပ်ဆိုင်ရာခံယူချက်၊ အသိပညာများပြည့်ဝလာပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ်ဖော်ဆောင်နိုင်မည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။