နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ ၂၀၂၃ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

          ၂၀၂၃ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။
     အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ခင်သက်ဌေး၊ ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၏ဇနီးများ၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ဒုတိယဝန်ကြီးများနှင့်ဇနီးများ၊ ဝန်ကြီးဌာနအသီးသီးမှ အကြီးအကဲများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
           ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Message ဖြင့် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ 
    ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေးမြှင့်တင်ဖော်ဆောင်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတုံ့ပြန်တားဆီးကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCEDAW) အပေါ် မြန်မာနိုင်ငံမှ ၁၉၉၇ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခဲ့ပြီး အစီရင်ခံစာတင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ 2nd Draft အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း အာဆီယံဒေသတွင်းဆောင်ရွက်ချက်များအဖြစ် ASEAN Ministerial Meeting on Women ကို ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပနိုင်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်ပြီး အာဆီယံအမျိုးသမီးကော်မတီ၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်အပါအဝင် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးတို့တွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းစီမံချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ဆောင်ရွက်ထားရှိမှုများနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုများကို တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်ချက်များကို Video Clip ဖြင့်ပြသရာ တက်ရောက်လာသူများကကြည့်ရှုအားပေးကြသည်။ ယင်းနောက်ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးများအား ဆုချီးမြှင့်ရာမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက ထူးချွန်အမျိုးသမီးအရာရှိ (ကြည်း၊ ရေ၊ လေ) ၃ဦးကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးက ထူးချွန်အမျိုးသမီးရဲမေနှင့် ထူးချွန်ကြက်ခြေနီအမျိုးသမီးတို့ကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယကဒေါ်သန်းသန်းနွယ်က မသန်စွမ်းထူးချွန်အမျိုးသမီးနှင့် အမျိုးသမီးအားကစားထူးချွန်တို့ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်ဒွဲဘူက ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ အမှတ်အများဆုံးရရှိသည့် ကျောင်းသူအားဆုများ ပေးအပ်ချီးမြှင့်ပါသည်။ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် ထုတ်ကုန်ပစ္စည်းများအား ကြည့်ရှုလေ့လာအားပေးကြပြီး အခမ်းအနားကို နံနက် (၁၁:၄၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
    

FacebookTwitter