လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကျင်းပ

         လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ လူမှုကာကွယ်ရေးစောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး       ဒေါက်တာစိုးဝင်း ဦးဆောင်၍ ကျင်းပခဲ့ပါသည်။
           အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီကို အမျိုးသားကော်မတီ၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၃)ဖြင့် (၁.၉.၂၀၂၃) ရက်နေ့တွင် အဖွဲ့ဝင် (၂၁) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းရပ်များသည် အသုံးစရိတ် ထောက်ပံ့မှုသက်သက်သာမဟုတ်ဘဲ ပြည်သူလူထုအပေါ် ရေရှည်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြစ်ပြီး လူ့ဘဝသက်တမ်းတစ်လျှောက်လုံး အားလုံးအကျုံးဝင်သော လူမှုကာကွယ်စောင့်ရှောက်ရေး စနစ်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရမည့်လုပ်ငန်းရပ်တစ်ခုဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း အကောင်အထည်ဖော်မှုများသည် လုပ်ငန်းပမာဏများလာသည့်အတွက် Manual စနစ်မှ Digital Platform သို့ ပြောင်းလဲရန်လိုအပ်ပါ၍ လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System – SMIS) ကို တည်ထောင်ခဲ့ပါကြောင်း၊ SMIS တွင်ပါရှိသည့် အစီအစဉ် (၄)ခု၏ Softwareများကို ကာကွယ်ရေးဦးစီချုပ်ရုံး(ကြည်း)၊ တပ်မတော်(ကြည်း၊ရေ၊လေ) သတင်းနည်းပညာဌာန၏ ကူညီပံ့ပိုးမှုဖြင့် ရေးဆွဲလျက်ရှိပါကြောင်း၊ (၁၈.၅.၂၀၂၃)ရက်နေ့တွင် SMIS စနစ်ကိုစတင်အသုံးပြုနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ SMIS စနစ်တွင်အကျိုးခံစားခွင့်ရှိသူ နံပါတ်ရရှိပြီးသူများအနက် နိုင်ငံသား အသိအမှတ်ပြုကဒ်ပြား ကိုင်ဆောင်သူများ၏ စာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၏ Electronic ID(e-ID) စနစ်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ်မည်ဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ကြေးများကို Digital Payment နည်းလမ်းအသုံးပြုပြီး Electronic Cash Transfer စနစ်သို့ အောင်အောင်မြင်မြင်ကူးပြောင်း ထောက်ပံ့နိုင်ရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊  လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းရပ်များအားအကောင်အထည်ဖော်ခြင်းသည်  “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)” ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် ပြည်သူလူထုကို အမှန်တကယ် တိုက်ရိုက်အကျိုးပြုသောလုပ်ငန်းများဖြစ်ပြီး အစိုးရတစ်ရပ်အနေဖြင့် မဖြစ်မနေဆောင်ရွက်ပေး ရမည့်လုပ်ငန်းများဖြစ်သည့်အတွက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
    အစည်းအဝေးအစီအစဉ်အရ လုပ်ငန်းကော်မတီအတွင်းရေးမှူးက လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၂)၏ ဆောင်ရွက်ပြီးစီးမှုများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြပါသည်။ ဆက်လက်၍ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး  ဆုံးဖြတ်ချက်(၇)ခု ချက်မှတ်ခဲ့ကြပါသည်။ အစည်းအဝေးသို့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ အဖွဲ့ဝင်စုစုပေါင်း (၂၆)ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအား နေ့လည်ပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 

FacebookTwitter