ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင် ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့တွင် မီးသတ်လုပ်ငန်းများ၊ လူမှုဂရုဏာ လုပ်ငန်းများနှင့် သဘာဝဘေး ကြိုတင် ပြင်ဆင်ထားမှု များအား ကြည့်ရှုစစ်ဆေးခြင်း

နေပြည်တော်၊ အောက်တိုဘာ (၃၁) -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ (၂၈)ရက်၊ နံနက်ပိုင်း ၌ ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့၊ သီရိအဏ္ဏဝါ ခန်းမတွင် ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ မီးသတ် ဦးစီးဌာနမှ မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိသည့် မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ် လုပ်ငန်းများနှင့် မီးဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အရေးပေါ် သဘာဝဘေး အန္တရာယ်များ အတွက် ကြိုတင် ပြင်ဆင်ခြင်း၊ ကယ်ဆယ်ရေးနှင့် ချက်ခြင်းတုန့်ပြန် ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကလေးသူငယ် စောင့်ရှောက်ရေး လုပ်ငန်းများ၊ အမျိုးသမီး စောင့်ရှောက်ရေး လုပ်ငန်းများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများနှင့် မသန်စွမ်းသူများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ယခင်ကထက် ပိုမိုကောင်းမွန်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်လျက် ရှိသောကြောင့် ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၊ မြို့မိ မြို့ဖများနှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လမ်းညွှန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးပြီး ဆောင်ရွက်လျက် ရှိသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ လုပ်ငန်း ဆောင်ရွက်ချက်များ ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် လမ်းညွှန် မှာကြားခဲ့ပါသည်။

    ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် အိမ်တွင်းမှု သက်မွေး ပညာသင်ကျောင်း ဆောက်လုပ်ရန် မြေနေရာအား ရွေးချယ်ပေးခဲ့ ပါသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ဖျာပုံခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနမှူးရုံးနှင့် ကယ်ဆယ်ရေး ဂိုဒေါင်တို့အား ကြည့်ရှု စစ်ဆေးရာ သိုလှောင်ထားသော ကယ်ဆယ်ရေး ပစ္စည်းများအား ပျက်စီးဆုံးရှုံးမှု မရှိစေရန် စနစ်တကျ သိုလှောင်ထားရန်၊ ပြည်တွင်းဖြစ် ပစ္စည်းများကို ဦးစားပေး ဝယ်ယူရန်၊ ကယ်ဆယ်ရေး ပစ္စည်းများအား ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း အဆင့်တိုင်းတွင် အလေအလွင့် မရှိစေရေး အထူးသတိထား ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

    ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ဖျာပုံခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှူးရုံး နှင့် မူလတန်းကြိုကျောင်းများ ဆောက်လုပ်ရန် မြေနေရာများအား ရွေးချယ်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး ဘိုးဘွားရိပ်သာ အတွက် ဒုတိယအဆင့် ထောက်ပံ့ငွေ နှင့် ဆေးဝါးပစ္စည်းများ၊ ကနိလူငယ် ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် ထောက်ပံ့ငွေနှင့် သင်ထောက်ကူ ပစ္စည်းများကို ပေးအပ်လှူဒါန်းပြီး လူမှုကရုဏာ လုပ်ငန်းများကို စေတနာထား ဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

    အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ဝန်ကြီးသည် ဖျာပုံမြို့ သောက်ရေ/သုံးရေ ဖူလုံစွာ ရရှိရေးအတွက် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ နှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter