UN-CEDAW အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင် အဖွင့်အမှာစကား ပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ( ၁ )ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းကြီး(၈)ရပ်ထဲမှ တစ်ခုအပါအဝင် ဖြစ်သော အမျိုးသမီးများ စောင့်ရှောက်ရေး ကဏ္ဍဖြစ်သည့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်နှင့် ပက်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို (၁.၁၁.၂၀၁၂) ရက်နေ့နံနက် (၉း၀၀) နာရီအချိန်တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

    အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်က ဒီကနေ့ကျင်းပတဲ့ ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်မှ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (CEDAW) Convention on the Elimination of All Forms of Discrimination Against Women ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီး သက်ဆိုင်ရာ အစိုးရ ဌာနများ၊ INGO များ၊ NGOများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ပြည်သူများအကြား ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန်နှင့် စာရင်းဇယားအရ မြန်မာနိုင်ငံရဲ့  ၅၀%ကျော်ဟာ အမျိုးသမီးဝန်ထမ်း၊ ကျန်းမာရေး ကဏ္ဍမှာ ၆၃.၉၉%၊ ပညာရေးကဏ္ဍမှာ ၇၆.၄၆%၊ စီမံအုပ်ချုပ်မှု ကဏ္ဍမှာ ၅၀.၉၉% ရှိသည်ကို ကြည်ခြင်းအားဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ပြည်ထောင်စုသမ္မတ နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အမျိုးသမီးများမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီး၊ နိုင်ငံတော် အစိုးရအနေနဲ့ အမျိုးသမီးတွေရဲ့ စွမ်းအားကို အလေးထား ဆောင်ရွက်ခြင်းဖြင့် ဘေဂျင်းညီလာခံကြီးက ချမှတ်လိုက်တဲ့ လုပ်ငန်းများကို နိုင်ငံတော်ရဲ့ မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွား ရမှာပဲဖြစ်ပါကြောင်း။ 

    နိုင်ငံတော်အဆင့် ယန္တရား တစ်ခုဖြစ်သည့် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ကြီးဌာနများ၊ ပြည်ပနိုင်ငံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် INGO များအကြား ဥပဒေပိုင်းဆိုင်ရာ အကြံဉာဏ်များပေးခြင်း၊ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကဏ္ဍများ အောင်မြင်ရေး အတွက်  ညှိနှိုင်းဆာင်ရွက် လျက်ရှိပြီး လူမှုဝန်ထမ်း ဦးစီးဌာနဟာ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီရဲ့ အဓိက ဗဟိုချက်ဌာန အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရဲ့ ဒုတိယနှင့် တတိယအကြိမ်  ပူးတွဲ အစီရင်ခံစာကို ၂၀၀၇ ခုနှစ်၊ ဇူလိုင်လမှာ တင်သွင်းခဲ့ပြီး UN CEDAW ကော်မတီရဲ့ (၄၃)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်မှာ Concluding Observations (၅၇) ချက်နှင့်အညီ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို မြန်မာနိုင်ငံ အနေဖြင့် စတုတ္ထနှင့် ပဉ္စမအကြိမ် ပူးတွဲ အစီရင်ခံစာကို ၂၀၁၄ ခုနှစ်မှာ တင်သွင်းမည်ဖြစ်ကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တဆင့် UN CEDAW ကော်မတီသို့ အကြောင်းပြန်ပြီး အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ စတုတ္ထနှင့် ပဉ္စမအကြိမ် ပူးတွဲ အစီရင်ခံစာကို တင်သွင်းရန်အတွက် ပြင်ဆင်တဲ့ ပထမခြေလှမ်းအဖြစ် ယခု အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။ 

    ဆက်လက်၍ UN Gender Theme Group မှ Ms. Armara Sanda က အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်၏ မူဝါဒများကို ရှင်းလင်းပြောကြား ခဲ့သည်။ 

    ထို့နောက် ဖွင့်ပွဲအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါ်စုစုလှိုင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ UN မှ ဌာနေကိုယ်စားလှယ်များ၊ INGO၊ NGO အဖွဲ့အစည်းများ တက်ရောက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ (၁)ရက်နေ့မှ (၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

FacebookTwitter