မသန်စွမ်းသူများ၏ ခြေတုလက်တု ဝန်ဆောင်မှု အရည်အသွေးမြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး အဖွင့်အမှာစကား‌ပြောကြား

<

နေပြည်တော်၊ နိုဝင်ဘာ (၁၄)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် လူမှုဝန်ထမ်း လုပ်ငန်းကြီး(၈)ရပ်ထဲမှ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး ဆိုတဲ့ လုပ်ငန်းဟာ အဓိကလုပ်ငန်းကြီး တစ်ရပ်အနေနဲ့ ပါဝင်ပြီး မြန်မာနိုင်ငံ တစ်နံတစ်လျားမှာရှိတဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့၊ လူသားတိုင်းခံစားခွင့်ရှိတဲ့ အခြေခံအခွင့်အရေးများနှင့် မသန်စွမ်းမှုကိုအကြောင်းပြုပြီး ခွဲခြားဆက်ဆံမှုမရှိစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ မသန်စွမ်း သူတွေ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းဖြင့် သူတို့ရဲ့ဘဝ ဖွံ့ဖြိုးတိုးတက် စေဖို့ဆိုတဲ့ မွန်မြတ်တဲ့ ရည်မှန်းချက်တွေ ထားပြီးဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ နိုင်ငံရဲ့လူဦးရေ (၂.၃၂%) ဖြစ်တဲ့ လူဦးရေ (၁.၃သန်း) နီးပါးဟာ မသန်စွမ်းသူတွေဖြစ်ပြီး ၎င်းတို့၏ (၇၀%)ဟာ ကိုယ်အင်္ဂါ မသန်စွမ်းသူတွေဖြစ်ကြောင်း၊ ၂၀၁၂ခုနှစ်၊ ဇွန်လ(၂၅)ရက်က ကျင်းပခဲ့တဲ့ လူမှုရေး ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားမှာ နိုင်ငံတော်သမ္မတကြီးက "လူမှုရေး ကာကွယ်စောင့်ရှောက်မှုဆိုတဲ့ စကားရပ်ဟာ ကျယ်ပြန့်လှသလို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုတဲ့ တာဝန်ဟာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအတွက် ကြီးလေးတဲ့ တာဝန်တစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးပေးမှု အများကြီးလိုအပ်ကြောင်း၊ အင်နှင့်အားနှင့် လက်တွဲပူးပေါင်း ဆောင်ရွက် သွားနိုင်မှသာ မိမိတို့ မျှော်မှန်းသောကဏ္ဍစုံတွင် အားလုံးပါဝင်နိုင်သော လူမှုရေးကာကွယ် စောင့်ရှောက်မှုစနစ် (Integrated and all Inclusive Myanmar Social Protection System)ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မယ်” ဆိုသည့် နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန် မိန့်ကြားချက်နှင့် အညီ လူမှုရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းတွေ ပိုမိုအောင်မြင်လာအောင် ဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနှင့် ပူးပေါင်းလက်တွဲပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ဟာ ၁၉၈၆ခုနှစ် ကတည်းက အမျိုးသား ပြန်လည်သန်စွမ်းရေး ဆေးရုံကြီးမှာ  ခြေတုလက်တု ထုတ်လုပ်ရေး အလုပ်ရုံကို  တည်ဆောက်ပေးခဲ့ပြီး လက်ရှိအချိန်အထိ ကျန်းမာရေးဝန်ကြီးဌာနမှာ အလုပ်ရုံ(၃)ခု၊ ကာကွယ်ရေးဝန်ကြီးဌာနမှာ အလုပ်ရုံ(၃)ခု၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဘားအံမြို့မှာ အလုပ်ရုံ (၁)ခု၊ စုစုပေါင်းအလုပ်ရုံ(၇)ခု ရှိနေပြီဖြစ်ကြောင်း၊ ခြေတုလက်တု အပါအဝင်  မသန်စွမ်း အထောက်အကူပြုပစ္စည်းတွေ အများကြီးလိုအပ်နေပြီး အတတ်နိုင်ဆုံး ကိုယ့်နိုင်ငံက ရနိုင်သမျှ ကုန်ကြမ်းတွေသုံးပြီး အရည်အသွေး ကောင်းကောင်း ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊  ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ဝန်ဆောင်မှုတွေ ဆက်ပြီးလုပ်ပေးနိုင်အောင်၊ ပွဲပြီးမီးသေမဟုတ်တဲ့ ရေရှည် အစီအမံကောင်းတွေကိုလည်း ဆွေးနွေး ဖော်ထုတ်ပေးကြဖို့ တိုက်တွန်းလိုပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က ပြောကြားခဲ့သည်။

    အဆိုပါ ဆွေးနွေးပွဲကို နေပြည်တော် ဟိုတယ်ဇုံရှိ  SKY PALACE HOTEL တွင်(၁၄-၁၁-၂၀၁၂)ရက်နေ့တွင် ကျင်းပရာ အပြည်ပြည် ဆိုင်ရာကြက်ခြေနီကော်မတီ၊ (ICRD – Chief Representative Mr. Takanori Hosokawa )က ခြေတု လက်တု ဝန်ဆောင်မှု အရည်အသွေး မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ  ပြုလုပ်ရခြင်းကို ရှင်းလင်းတင်ပြသည်။

    အဆိုပါ ဖွင့်ပွဲအခမ်းအနားအပြီးတွင်  ပြည်‌ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများ စုပေါင်း၍ မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

FacebookTwitter