ပြည်ထောင်စု ဝန်ကြီးသည် နေပြည်တော် ခရိုင်အတွင်းရှိ မူလတန်းကြို ကျောင်းများအား လှည့်လှည် ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ နိုဝင်ဘာ (၉)ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်း လူမှုဝန်ထမ်း ဦးစီးဌာန အောက်ရှိ မူလတန်းကြိုကျောင်း များဖြစ်သော နန်းထိုက် ရတနာ မူလတန်းကြို ကျောင်း၊ တော်ဝင် ရတနာ မူလတန်းကြို ကျောင်းနှင့် ရင်သွေးရတနာ မူလတန်းကြိုကျောင်း တို့ကို ယနေ့ နံနက် ၁၀နာရီခွဲ အချိန်တွင် ပြည်ထောင်စု ဝန်ကြီးသည် သွားရောက် ကြည့်ရှု စစ်ဆေးရာ မူလတန်းကြိုကျောင်း တာဝန်ခံ ကျောင်းအုပ်များက ကလေးများအား လေ့ကျင့် သင်ယူပေးရေး၊ ရှေးဦး ကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး (Early Childhood Care and Development - ECCD) နည်းဖြင့် သင်ကြားခြင်း၊ ကျန်းမာရေးနှင့် အာဟာရ ဖြည့်စွက် ကျွေးမွေးရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးမှုနှင့် သင်ကြားရေး နည်းလမ်းများ မှန်ကန်မှု ရှိစေရန်၊ ကလေးများအား အာဟာရများ ချက်ပြုတ် ကျွေးမွေးရာတွင် ဟင်းချိုမှုန့်အစား သကြားကို အသုံးပြုရန် လိုအပ်သည်များကို ဖြည့်စွက် မှာကြားပြီး ကလေးများ၏ လေ့ကျင့်သင်ယူ လျက်ရှိသည့် နေရာများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။