မိဘအသိပညာပေး လုပ်ငန်းအတွက် လမ်းညွှန်လက်စွဲ စာအုပ်များ ပုံနှိပ်ဖြန့်ဝေခြင်းနှင့် မိတ်ဆက်ခြင်း အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်က အဖွင့်အမှာစကား ပြောကြားခြင်း

နေပြည်တော်၊ ဒီဇင်ဘာလ(၄)ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အနေဖြင့် လူမှုဝန်ထမ်း လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိရာမှာ ကလေးသူငယ် စောင့်ရှောက်ရေး လုပ်ငန်းဟာ အလွန်အခြေခံ ကျတဲ့အပြင် လူ့စွမ်းအားအရင်းအမြစ်ရဲ့ အခြေခံဖြစ်တဲ့ ကလေးတွေရဲ့ ဘဝတစ်သက်တာ တစ်လျှောက် အခြေခံကောင်းလေးများ ရရှိဘို့ ပုံသွင်းတဲ့နေရာမှာ အလွန်နူးညံ့စွာ သတိထားကိုင်တွယ်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် အဓိကဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်လျက် ရှိကြောင်း၊ ASEAN Child Focal Department ဖြစ်တာနဲ့အညီ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးနှင့် ကလေးသူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အထူးအာရုံစိုက်ပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ ကလေးသူငယ်များ ဆိုင်ရာ လုပ်ငန်း အစီအစဉ်ကို ရေးဆွဲပြီး ကလေးများအတွက် မရှိမဖြစ်လိုအပ်တဲ့ ကဏ္ဍကြီး(၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိတဲ့ ဌာန/အဖွဲ့အစည်း များနဲ့လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျှက်ရှိကြောင်း၊ အသက် (၅)နှစ်အောက် ကလေးသူငယ်များ အတွက် ဌာနအဖွဲ့အစည်းအသီးသီးက ဆောင်ရွက်နေသော ECCD ဝန်ဆောင်မှု လုပ်ငန်းများ၏ အရည်အသွေးတိုးမြှင့်စေရန် ရည်ရွယ်ပြီး ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ဥပဒေမူကြမ်းကို ရေးဆွဲပြီး ဖြစ်လို့ အတည်ပြုပြဌာန်းရေး အတွက် ဆောင်ရွက်လျှက် ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယ အဆင့်ကိုဆောင်ရွက်ရာမှာ ပြည်သူလူထုရဲ့ လူမှုစီးပွားလိုအင်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ပေးနိုင်မယ့် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးဖြင့် ဆောင်ရွက်ရန်နဲ့ နိုင်ငံတော် အကျိုးပြုမယ့်အစီအစဉ်တွေ၊ မူဝါဒတွေ ရေးဆွဲ၍ ဆောင်ရွက်သွားဘို့ လမ်းညွှန်ထားတာနဲ့အညီ အသက်(၈)နှစ်အောက် ကလေးငယ်များ အတွက် ကဏ္ဍပေါင်းစုံ ပါဝင်သော ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေး နှင့်ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒတစ်ခုကို ရေးဆွဲလျှက်ရှိပါကြောင်း၊ ကမ္ဘာပညာရေး ညီလာခံက ၂၀၁၅ခုနှစ်တွင် နိုင်ငံတိုင်း၌ မူကြိုအရွယ် ကလေးများ အားလုံး၏(၂၅)% မူကြိုပညာရရှိစေရန် ရည်မှန်းထားသည့် အတွက် ဌာနအခြေပြု ကလေးသူငယ် ပြုစုပျိုးထောင်ရေးစနစ်ကို တိုးချဲ့ဆောင်ရွက် ရုံသာမက ရပ်ရွာအခြေပြု ကလေးသူငယ် ပြုစုပျိုးထောင်ရေးစနစ်ကို တိုးချဲဆောင်ရွက်လျှက် ရှိပါကြောင်း၊ ရပ်ရွာအခြေပြု ကလေးသူငယ် စောင့်ရှောက်ရေးစနစ် ဖြစ်တဲ့ မိခင်ဝိုင်းများဖွဲ့စည်းခြင်းနဲ့ မိဘ အသိပညာပေးခြင်း လုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်သွားဘို့၊ ယနေ့ဖြန့်ဝေတဲ့ မိဘအသိပညာပေး လမ်းညွှန်စာအုပ်နဲ့ ပံ့ပိုး ကူညီသူတို့ရဲ့ လက်စွဲစာအုပ်တွေကို ရပ်ရွာပညာပဒေသာ ဌာနများအပြင် မြို့နယ်၊ ကျေးရွာ စာကြည့်တိုက်များ၊ စာဖတ်ဝိုင်းများအထိ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားဘို့ ပြောကြားခဲ့ပါသည်။

          အဆိုပါ အခမ်းအနားကို နေပြည်တော်၊ ရွှေနန်းတော် ဟိုတယ်တွင် ကျင်းပရာ ပညာရေးဝန်ကြီး ဌာနက ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်၊ ဒုတိယဝန်ကြီး ဦးအေးကြူ၊ မြန်မာနိုင်ငံ ယူနက်စကို အမျိုးသားကော်မရှင်၊ အတွင်းရေးမှူး ဒေါက်တာလွင်လွင်စိုးနှင့် ဆက်စပ်ဌာန အဖွဲ့အစည်းများက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter