ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက် ၁၀ နာရီတွင် ၂၀၁၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာလ (၃) ရက် -

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားပြီး တရားမျှတခြင်၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း တည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားလာအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၂(က)တွင် '' နိုင်ငံတော်က မသန်စွမ်းသူများကို ကြည့်ရှုစောင့်ရှောက် ရမည်'' ဟု ပြဋ္ဌာန်းထားပြီး ဖြစ်သကဲ့သို့ ၂၀၁၁  ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်က ကုလသမဂ္ဂ မသန်စွမ်းသူ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်း၊

    '' နှစ်စဉ် ဒီဇင်ဘာလ (၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့'' ဟု ကုလသမဂ္ဂ အဖွဲ့ကြီးက ဂုဏ်ပြုသတ်မှတ်ထားပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် မြန်မာနိုင်ငံ အနေဖြင့် မသန်စွမ်းသူများအား သန်စွမ်းသူများနည်းတူ အခွင့်အရေး ရရှိစေရန်၊ ဂုဏ်သိက္ခာနှင့် စိတ်ဓါတ်အင်အားများ မြင့်မားလာစေရန် ရည်ရွယ်ပြီး ၁၉၉၄ ခုနှစ်မှစ၍ နှစ်စဉ် ဒီဇင်ဘာလ(၃) ရက်နေ့ ရောက်တိုင်း ယခုကဲ့သို့ အခမ်းအနားမျိုး ဂုဏ်ပြုကျင်းပခဲ့သည်မှာ ၁၉ နှစ်ရှိပြီ ဖြစ်ပါကြောင်း။

 

မသန်စွမ်းသူများနေ့ အခမ်းအနားမသန်စွမ်းသူများနေ့ အခမ်းအနား

 

    ၂၀၁၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဦးတည်ချက်မှာ "လူသားအားလုံး အကျုံးဝင်၊ ပြည်သူ့လူ့ဘောင် ပြင်ဆင်ဖို့၊ အတားအဆီးများ ဖယ်ရှားစို့" " Removing barriers to create an inclusive and accessible society for all " ဖြစ်ပါကြောင်း၊ ယင်းဦးတည်ချက် နှင့်အညီ မသန်စွမ်းသူများနှင့် အတူ လက်တွဲပြီး ထောင်စုနှစ် ရည်မှန်းချက် ပန်းတိုင်သို့ အရောက်လှမ်းကြပါစို့ ဟု ပြောကြားလိုပါကြောင်း၊ ယနေ့ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇၀၀၀ ကျော်အနက်  ၁၅ ရာခိုင်နှုန်းခန့်သည် မသန်စွမ်းသူများ ဖြစ်ကြပြီး ၎င်းတို့ထဲမှ ၈၀ ရာခိုင်နှုန်းခန့်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ပါကြောင်း၊ ထို့အပြင် အိမ်ထောင်စုများ၏ ၃၀ ရာခိုင်နှုန်းခန့်သာ သူတို့ကို ပြုစုစောင့်ရှောက် ကြသည့် မိသားစုဝင်များ ဖြစ်ကြပြီး မသန်စွမ်းသူများနှင့် တိုက်ရိုက်ထိတွေ့ပတ်သက်ကြသည့် သူများဖြစ်ပါကြောင်း။

    မသန်စွမ်းသူများ၏ ဘဝတွင် ခံစားတွေ့ကြုံနေရသည့် အခက်အခဲ အတားအဆီးများသည် သူတို့၏ "မပြည့်စုံမှု" ကြောင့်မဟုတ်ဘဲ၊ သူတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် "ပတ်ဝန်းကျင်မှ အတားအဆီး" များကြောင့် ဖြစ်သည်ကို တွေ့ရှိရပါကြောင်း။ ယခင်က မသန်စွမ်းသူများသည် သနားစရာကောင်းပြီး အမြဲတမ်း ကူညီဖေးမ ပေးရန် လိုအပ်နေသူများဟု ထင်မှတ်ခဲ့ကြပါကြောင်း၊ သို့သော် မျက်မှောက်ခေတ်တွင် မသန်စွမ်းသူများ၏ အရေးကိစ္စများကို ရှုထောင့်အသစ်၊ အမြင်သစ်များနှင့် သိရှိနားလည် သဘောပေါက်ရန် ကြိုးစားဆောင်ရွက် လာကြပြီ ဖြစ်ပါကြောင်း။

    ပြည်သူအများစုသည် မသန်စွမ်းသူများ အပေါ် မသိနားမလည်ခြင်း၊ လျစ်လျူရှုခြင်း၊ အယူသီးခြင်းနှင့် ကြောက်ရွံ့စိုးရိမ်ခြင်း များကြောင့် အထီးကျန်ဘဝကို ရောက်ခဲ့ရသည့် မသန်စွမ်းသူ များ၏ အရေးကိစ္စသည် ယခုအချိန်တွင် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက အထူးအာရုံစိုက်လာသော ကိစ္စတစ်ရပ် ဖြစ်လာခဲ့ပါကြောင်း။ ကုလသမဂ္ဂ အဖွဲ့ကြီးက ၁၉၈၂ ခုနှစ်တွင် "မသန်စွမ်းသူများ ဆိုင်ရာ ကမ္ဘာ့လုပ်ငန်းစဉ်"၊ ၁၉၉၃ ခုနှစ်တွင် "မသန်စွမ်းသူများ အတွက် အခွင့်အရေး ညီမျှခြင်းဆိုင်ရာ စံပြုအပ်သော စည်းမျဉ်းများ" ကို ချမှတ်ပေးခဲ့ပါကြောင်း၊ သို့ရာတွင် လက်တွေ့နယ်ပယ်၌ မသန်စွမ်းသူများ၏ အခွင့်အရေးကို မျှော်မှန်းထားသည့် အတိုင်း ကာကွယ်မြှင့်တင် ပေးနိုင်မှု အားနည်းနေသေးသည်ကို တွေ့ရပါကြောင်း။

 

မသန်စွမ်းသူများနေ့ အခမ်းအနားမသန်စွမ်းသူများနေ့ အခမ်းအနား

 

    ထို့ကြောင့် စစ်မှန်သော မသန်စွမ်း အခွင့်အရေးများကို စွမ်းဆောင်ပေးနိုင်ရန် အတွက် (၆၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက "မသန်စွမ်းသူ အခွင့်အရေးများဆိုင်ရာ သဘောတူ စာချုပ်" (Convention on the  Rights of Persons with Disabilities- UNCRPD) ကို ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း။ 

    ဤစာချုပ်တွင် အပိုဒ်ပေါင်း  (၅၀)ပါဝင်ပြီး မသန်စွမ်းသူများ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများအားလုံး ပါဝင်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ(၁၉၃)နိုင်ငံ ရှိသည့်အနက် ဤသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုး ပြီးသောနိုင်ငံပေါင်း (၁၅၄)နိုင်ငံရှိပြီး အတည်ပြုပြီးသည့် နိုင်ငံ(၁၂၆)နိုင်ငံ ရှိပြီဖြစ်ပါကြောင်း။

    မိမိတို့၏ အာရှနှင့် ပစိဖိတ်ဒေသတွင် လူဦးရေသန်းပေါင်း (၆၅၀)ခန့် ရှိသည့်အနက် မသန်စွမ်းသူ အများစုသည် ဆင်းရဲနွမ်းပါး ကြပါကြောင်း၊ ထို့ကြောင့် UN-ESCAP ၏ ဦးဆောင်မှုဖြင့် မသန်စွမ်းသူများအတွက် ဆယ်စုနှစ် ရည်မှန်းချက်များ (၁၉၉၃-၂၀၀၂)ကို ရည်မှန်းချက်များ ချမှတ်ပြီး မူဝါဒ လမ်းစဉ်များ ချမှတ်ရေးနှင့် ဆေးပညာ ရှုထောင့်မှ အမြင်ဟောင်းများကို တွန်းလှန်ပယ်ဖျက်ရေး တို့ကို ဦးစားပေး ဆောင်ရွက်ခဲ့ပါကြောင်း။

    ဒုတိယ ဆယ်စုနှစ် (၂၀၀၂-၂၀၁၂)တွင် မသန်စွမ်းသူများနှင့် ပတ်သက်သော ဥပဒေများကို ပြဋ္ဌာန်းခြင်းကို နိုင်ငံတိုင်း၌ ဆောင်ရွက်ရန် အခန်းကဏ္ဍ တစ်ရပ်အဖြစ် ထည့်သွင်းဆောင်ရွက် ခဲ့ပါကြောင်း။ 

    ဤဆယ်စုနှစ် နှစ်ခုလုံးတွင် ဒေသတွင်း နိုင်ငံအသီးသီးသည် အခွင့်အရေးများကို အခြေခံပြီး မသန်စွမ်းသူများ အားလုံးအကျုံးဝင်သည့် ဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါကြောင်း မြန်မာနိုင်ငံအနေဖြင့်လည်း ဤရည်မှန်းချက်များ အောင်မြင်အောင် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ 

    လူဦးရေ သန်းပေါင်း ၁၀၅၀ ခန့်ရှိသည့် မသန်စွမ်းသူများသည် အကြီးများဆုံး လူနည်းစု အဖွဲ့ဟု ကမ္ဘာက လက်ခံထားပါကြောင်း၊ ထို့ကြောင့် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်ရောက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် အောင်မြင်မှု အသီးအပွင့်များကို ကမ္ဘာ့လူသား အားလုံးနှင့် အေးအတူပူအမျှ ခံစား စံစားနိုင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမ္ဂ မသန်စွမ်းသူ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ မသန်စွမ်းသူများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက် နိုင်ရန်၊ လူသားတိုင်း ခံစားခွင့်ရှိသော အခြေခံ အခွင့်အရေးများ ရရှိစေရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက် စေခြင်းဖြင့် လူနေမှု ဘဝကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး "မသန်စွမ်း သူများ၏ အခွင့်အရေးများ ဥပဒေ"ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးု ဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲလျှက် ရှိပါကြောင်း။

 

မသန်စွမ်းသူများနေ့ အခမ်းအနား

 

    မြန်မာနိုင်ငံအရပ်ရပ်မှ မသန်စွမ်းသူများ၏ စစ်မှန်သော အခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နေသည့် ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပ စေတနာရှင် ပြည်သူများနှင့် ဆရာ၊ဆရာမများ အားလုံးကို နိုင်ငံတော်၏ ကိုယ်စား လှိက်လှဲစွာ အတူးကျေးဇူးတင်ရှိပါသည်ဟု ပြောကြားလိုပါကြောင်း။

    နိဂုံးချုပ်အနေဖြင့် မသန်စွမ်းသူများအပေါ် ထားရှိခဲ့သည့် မသင့်လျော်သော ခံယူချက်၊ အယူအဆဟောင်းများကို ဖယ်ရှားပြီး အမြင်သစ်ဖြင့် ရှုမြင်ပေးကြပါ။ မသန်စွမ်းသူများနှင့် ပတ်သက်သည့် အရေးကိစ္စများကို လူ့အဖွဲ့အစည်း တစ်ရပ်လုံးနှင့် သက်ဆိုင်သော ကိစ္စတစ်ရပ်အဖြစ် လက်ခံ ဆောင်ရွက်ပေးကြပါ။ မသန်စွမ်းသူများ အတွက် အဟန့်အတားများ ဖြစ်စေသော "အတားအဆီးများ"  ကို ဝိုင်းဝန်းဖယ်ရှား ပေးကြပါ။ မသန်စွမ်းသူများကို လူ့အသိုက်အဝန်းအတွင်း တန်းတူရည်တူ ပါဝင်ခွင့်ပေးပြီး နိုင်ငံတော် တည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက် နိုင်သူများဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက် ပေးကြပါဟု တိုက်တွန်း လိုပါကြောင်းဖြင့် ပြောကြားသည်။

    ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကုလသမဂ္ဂ အဖွဲ့အစည်းများဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ashok Nigam က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် သဝဏ်လွှာကို ဖတ်ကြားသည်။  

 

မသန်စွမ်းသူများနေ့ အခမ်းအနားမသန်စွမ်းသူများနေ့ အခမ်းအနား

 

   ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်၊ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများဆိုင်ရာ ညှိနှိုင်းရေးမှူးတို့က လူတိုင်းအကျုံးဝင် ပညာရေး သင်ကြားပေးသော အခြေခံပညာကျောင်း ဂုဏ်ပြုဆု၊ မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည် မြို့နယ် အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်း၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးမှု ဂုဏ်ပြုဆုရ Genky မျက်မမြင် အကြောပြင် ကုသခန်း၊ မသန်စွမ်းသူများအတွက် အတားအဆီး ကင်းသော ပတ်ဝန်းကျင်ဖန်တီးမှု ဂုဏ်ပြုဆုရ စိန်ဂေဟာ (ပါရမီ)စင်တာ၊ ထူးချွန်မသန်စွမ်းဆု ရရှိသူ ရွှေမင်းသား ဖောင်ဒေးရှင်းမှ အမှုဆောင် ဒေါ်သူဇာကျော် (ရုပ်ရှင်ဇာတ်ညွှန်း ဒါရိုက်တာ သမီးမြတ်ကျော်)၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲ၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ပြီး မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ချက် ဗီဒီယို မှတ်တမ်းကို ပြသသည်။ 

    ထို့နောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ဆုရရှိကြသူများ၊ ထူးချွန်မသန်စွမ်းသူများ နှင့်အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်ပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပြခန်းကို လှည့်လည် ကြည်ရှုအားပေးသည်။

 

မသန်စွမ်းသူများနေ့ အခမ်းအနားမသန်စွမ်းသူများနေ့ အခမ်းအနား

 

    အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်နေလင်း၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဆုရရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

FacebookTwitter