မသန်စွမ်းသူများ လူ့အဖွဲ့အစည်းအတွင်း အလွယ်တကူ လှုပ်ရှားသွားလာ နေထိုင်နိုင်ရေး မူဝါဒနှင့် လမ်းညွှန်ချက်များ ချမှတ် ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သို့ ပြည်ထောင်စု ဝန်ကြီးတက်ရောက်
နေပြည်တော်၊ ဇန်နဝါရီ (၂၄)ရက် -
ကမ္ဘာပေါ်တွင် မသန်စွမ်းသူ စုစုေပေါင်း သန်း ၁၀၅၀ ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း ရှိကြောင်း၊ မသန်စွမ်းသူများပေါ် ထားရှိခဲ့သည့် မသင့်လျော်သော ခံယူချက်၊ အယူအဆဟောင်းများကို ဖယ်ရှားပေးပြီး အမြင်သစ်ဖြင့် ရှုမြင်ပေးကြရန်နှင့် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အရေးကိစ္စရပ်များကို လူ့အဖွဲ့အစည်း တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ကိစ္စတစ်ရပ် အဖြစ်လက်ခံဆောင်ရွက် ပေးကြရန် အထူးလိုအပ်ကြောင်း။
မိမိတို့ဌာန၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် မသန်စွမ်းသူများအတွက် အမြဲထည့်သွင်း စဉ်းစားပေးကြရန်နှင့် မသန်စွမ်းသူများကို လူ့အသိုက်အဝန်းအတွင်း တန်းတူရည်တူ ပါဝင်ခွင့်ပေးပြီး နိုင်ငံတော် တည်ဆောက်ရေးတွင်လည်း ပါဝင်ဆောင်ရွက် နိုင်သူများဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ အမရဟိုတယ်၌ ကျင်းပသည့် မသန်စွမ်းသူများ လူ့အဖွဲ့အစည်းအတွင်း အလွယ်တကူ လှုပ်ရှားသွားလာနေထိုင်နိုင်ရေး မူဝါဒနှင့် လမ်းညွှန်ချက်များ ချမှတ် ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
ထို့နောက် Action Aid မှ အစီအစဉ် ဒါရိုက်တာက မြန်မာနိုင်ငံအတွင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ကို ရှင်းလင်းပြောကြားသည်။
ဖွင့်ပွဲ အခမ်းအနားအပြီး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အကြောင်းအရာများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို ဇန်နဝါရီ (၂၅) ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်းသတင်းရရှိ သည်။