ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျှက်ရှိ
နေပြည်တော်၊ ဇန်နဝါရီ (၂၁) ရက် -
ကလေးသူငယ်များသည် အနာဂတ်နိုင်ငံတော်၏ အဓိက အရင်းအမြစ်များ ဖြစ်သည့်အတွက် ကလေးသူငယ် ဖွံ့ဖြိုးရေးနှင့် ပက်သက်ပြီး ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့ရန် အတွက် ဆောင်ရွက်လျှက် ရှိပါကြောင်း၊ သည့်ပြင် မြန်မာနိုင်ငံ ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကိုလည်း ရေးဆွဲလျှက် ရှိပါကြောင်း။
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းစီမံချက် သဘောတူ စာချုပ်ကိုလည်း အစိုးရနှင့် မြန်မာနိုင်ငံ စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့ တို့အကြား လက်မှတ်ရေးထိုး နိုင်ခဲ့ပါကြောင်း၊ တပ်မတော်တွင် အသက်မပြည့်သေးသည့် စစ်မှုထမ်းဆောင် နေသော ကလေးသူငယ် (၄၂) ဦးအား မိသားစုနှင့် ပြန်လည်ပေါင်းစည်း နိုင်ရေးအတွက် အသိပညာပေး သင်တန်းဖွင့်လှစ် ကာမိဘရပ်ထံ ပြန်လည်စေလွှတ်နိုင်ခဲ့ပါကြောင်း။
ယခုလို ဆောင်ရွက်သွားနိုင်ရန် ကလေးသူငယ်များ၏ အခွင့်အရေးများကို ထိထိရောက်ရောက် အကောင်အထည်ဖော် နိုင်ရန်အတွက် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး မိမိတို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသူများ၊ ကျွမ်းကျင်ပညာရှင်များဖြင့် ပြန်လည် ဖွဲ့စည်းပေးနိုင်ရေးအတွက် အဆိုပြုပေးနိုင်ကြပါရန် လိုအပ်ပါကြောင်းဖြင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က ယနေ့နံနက် (၁၀)နာရီတွင် အဆိုပါ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၁၃) အစည်းအဝေး၌ ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက CRC ပြဋ္ဌာန်းချက်ပါ အဓိက အခွင့်အရေး လေးခုကို အကောင်အထည် ဖော်ရာတွင် အမျိုးသားကော်မတီ (NCRC)၏ အခန်းကဏ္ဍ၊ လုပ်ပိုင်ခွင့်များနှင့် တာဝန်များ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ၊ တိုင်းဒေသကြီး/ ပြည်နယ်များ၊ ခရိုင်၊ မြို့နယ် CRC ကော်မတီ၏ အခန်းကဏ္ဍများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့် များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် သဘောပေါက်ပြီး ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လူမှုရေးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြသည်။