သဘာဝဘေးစီမံခန့်ခွဲမှု ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား

နေပြည်တော်၊ ဒီဇင်ဘာ(၁၅)ရက် -

            တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အမှတ်စဉ် (၁/၂၀၁၃)ဖွင့်ပွဲနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ပြည်သူများ သဘာဝဘေးဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားပြီး ဘေးဒဏ်ခုခံ ကာကွယ် နိုင်စွမ်းသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရန်အတွက် သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ စွမ်းရည် မြှင့်တင်ခြင်း သင်တန်းများကို တိုင်းဒေသကြီး/ ပြည်နယ်များမှာ နှစ်စဉ် အလှည့်ကျ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ယခု တနင်္သာရီ တိုင်းဒေသကြီးတွင် ဖွင့်လှစ်သည့် သင်တန်းမှာ ၂၀၁၃ ခုနှစ် အတွက် ပထမဆုံးအကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး ဆက်လက်၍ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များတွင် အလှည့်ကျ ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ကိုယ့်အားကိုယ်ကိုး မူကြို၊ ပရဟိတ ဂေဟာနှင့် ဘိုးဘွားရိပ်သာများသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ကြပြီး သဘာဝဘေး အသိပညာပေး ပြခန်းများကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter