လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ၂၀၁၂ ခုနှစ်၊ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

နေပြည်တော်၊ ဇန်နဝါရီ (၂၂) ရက် -

              လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ  ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ၂၀၁၂ ခုနှစ်၊ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ မိမိတို့ ဝန်ကြီးဌာန သည်လည်း နိုင်ငံတော် အစိုးရနှင့်အတူ လိုက်ပါ ပြောင်းလဲ  ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ အားလုံးက အရည်အချင်းနှင့် အရည်အသွေး များ ပြည့်ဝအောင် ကြိုးစားဆောင်ရွက်ပြီး တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် စေတနာအပြည့်အဝဖြင့် ကာကွယ် စောင့်ရှောက်ကြ ရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူလူထုက အစိုးရနှင့် ဝန်ကြီးဌာနအပေါ် ယုံကြည်မှုရှိလာပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အစိုးရ အဖွဲ့အစည်းများနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း။

             ထိုသို့ အစိုးရ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထုအားလုံးက နားလည်မှုရှိစွာဖြင့် တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြိုးကြိုးစားစားဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှသာ မိမိတို့မျှော်မှန်းထားသည့် ခေတ်မီ၍ ဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးသို့  ရောက်ရှိမည်ဖြစ်ကြောင်း။

              ဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ထမ်းများ၏ အရည်အချင်း မြှင့်တင်ရေးအတွက် ပြည်ပသို့စေလွှတ်၍ သင်တန်းများ တက်ရောက်စေလျက်ရှိကြောင်း၊ ဝန်ထမ်းများကလည်း မိမိတို့ရရှိလာသည့် ပညာရပ်နှင့် အတွေ့အကြုံများကို ဝန်ထမ်းများအားလုံးသို့ ဖြန့်ဝေပေးစေလိုကြောင်း၊ သို့မှသာ ဝန်ထမ်းများအားလုံး အရည်အသွေး ပြည့်ဝလာပြီး မိမိတို့ တာဝန်ကျရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း။

              တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွင်း လူမှုရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် လျက်ရှိရာ မိမိတို့ဝန်ကြီးဌာန ဝန်ထမ်းများက သဘာဝ  ကာကွယ်စောင့်ရှောက်မှု အပြည့်အဝပေးရန်နှင့် သဘာ၀ ပညာပေးလုပ်ငန်းများကိုလည်း ဒေသတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန် အထူးလိုအပ်ပါကြောင်း။

              ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်နှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင် တို့က ဦးစီးဌာနအလိုက် လုပ်ငန်းရည်မှန်းချက်များ လျာထားဆောင်ရွက်မှု၊ ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြခဲ့ကြောင်း။

              ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က လုပ်ငန်းတာဝန်များ သတ်မှတ်ခွဲေ၀ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက ဌာနအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများကို လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြကြောင်း။

              ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်က ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေး ပြောကြားကြောင်း။

              ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ဝန်ကြီးဌာန၏ လုပ်ငန်းရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ကြိုးစား ဆောင်ရွက်ကြရန် မှာကြားပြီး အစည်အဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

FacebookTwitter