တနင်္သာရီတိုင်းဒေသကြီး၌ မြိတ်မြို့ရှိ ကျောင်း၊ ဌာန၊ ဂေဟာများသို့ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ (၁၆) ရက် -

              တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီ (၁၁) ရက်နေ့ ညနေပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးပြီး တောင်သာယာ ဘိုးဘွားရိပ်သာ၌ ကျင်းပသည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာနှင့် မူကြိုကျောင်းများသို့ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းသည်။

              ပြည်ထောင်စု ဝန်ကြီးသည် ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် မြိတ်မြို့ မူကြိုကျောင်း ဆောက်လုပ်မည့် မြေနေရာ၊ မြိတ်ခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံး၊ ကယ်ဆယ်ရေး ဂိုဒေါင်နှင့် ကော့သောင်းမြို့၌ တည်ဆောက်ဆဲ ကော့သောင်းခရိုင် ကယ်ဆယ်ရေး ဂိုဒေါင်နှင့် ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံး ဆောက်လုပ်ရေး လုပ်ငန်းခွင် တို့ကို ကြည့်ရှုစစ်ဆေးသည်။

              ပြည်ထောင်စု ဝန်ကြီးသည် ဇန်နဝါရီ ၁၃ ရက်တွင် ထားဝယ်မြို့ ဘိုးဘွားရိပ်သာနှင့် ကြက်စားပြင် လူငယ်ပရဟိတ ဂေဟာတို့သို့ သွားရောက်ပြီး  လှူဖွယ်ပစ္စည်းများ ပေးအပ်ထောက်ပံ့သည်။

              ပြည်ထောင်စု ဝန်ကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုတု့ိသည် ဇန်နဝါရီ (၁၄)ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ  စွမ်းဆောင်ရည် မြှင့်တင်ခြင်း အမှတ်စဉ် (၁/၂၀၁၃)ဖွင့်ပွဲနှင့် ကိုယ့်အားကိုယ်ကိုး မူကြို၊ ပရဟိတ ဂေဟာနှင့် ဘိုးဘွားရိပ်သာ များသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

              ထို့နောက် တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံး၊ သိုလှောင်ရုံ ဂိုဒေါင်နှင့် မူကြိုကျောင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

FacebookTwitter