ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ငြိမ်းချမ်းရေး အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၀)ရက် -

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် ကရင်ပြည်နယ် လူမှုရေး ဝန်ကြီးနှင့်အတူ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းတွင် ဘားအံမြို့ မူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး အငယ်တန်းအဆင့်နှင့် အကြီးတန်းအဆင့် အခန်းများကို ကြည့်ရှုစစ်ဆေးကာ ကရင်ပြည်နယ် လူမှုဝန်ထမ်းရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

      ယင်းနောက်  အမှတ်(၅)ရပ်ကွက်ရှိ တောင်တန်းသာသနာပြု လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၌  ကျင်းပသည့် စေတနာဝန်ထမ်း အဖွဲ့အစည်းများအား (၂၀၁၂-၂၀၁၃)ဘဏ္ဍာရေး နှစ်အတွက်    ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးက  ဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံးရှိ စေတနာ ဝန်ထမ်းအဖွဲ့အစည်းများကို  ယခုနှစ်တွင် စုစုပေါင်းငွေကျပ်သန်းပေါင်း ၅၄၇ ဒသမ ၈ သန်း  ထောက်ပံ့ခဲ့ပြီး ဖြစ်ပါကြောင်း၊    နောက်လာမည့် (၂၀၁၃-၂၀၁၄)  ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းငွေကျပ် ၇၁၆ သန်းအထိ တိုးမြှင့် ထောက်ပံ့ရန်လျာထား ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း  ပြောကြားပြီး လူငယ်များအား  တီရှပ်များ ထောက်ပံ့ပေးအပ်ကာ ပြည်နယ် ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေးဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေး ဂိုဒေါင်တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

လူမှုဝန်ထမ်း


        ဖေဖော်ဝါရီ ၁၆ ရက်  နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်  ကရင်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မင်းတို့သည်  ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသော ငြိမ်းချမ်းရေး အဖွဲ့များနှင့်  မိသားစုဝင်များအတွက်  ဆန်ရိက္ခာဖိုး   ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်အတိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုသည့် အနေဖြင့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ငွေကျပ် ၃၆ သန်းကျော်နှင့်  ကချင်ပြည်နယ်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက်  ငွေကျပ်သန်း ပေါင်း ၁၅၀ ကျော် ထောက်ပံ့ပေးခဲ့ ပြီးဖြစ်ပါကြောင်း၊  ကရင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းတစ်ရပ် အဖြစ်ဆောင်ရွက်လျက်ရှိသည့်  KNU ဗဟိုနှင့် လက်အောက်ခံ အဖွဲ့ (၁)(၂)(၃)(၅) (၆)(၇) တို့မှ ငြိမ်းချမ်းရေး အဖွဲ့များနှင့် မိသားစုဝင်များ၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဝင်များ၊ ကလိုထူးဘော ငြိမ်းချမ်းရေး အဖွဲ့ဝင်များနှင့် ၎င်းတို့၏  မိသားစုဝင်များအတွက် ဆန်ရိက္ခာဖိုး ငွေကျပ်သိန်း ၅၀၀ ကို  ထောက်ပံ့သွား မည်ဖြစ်ပါ ကြောင်း၊    လေဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် နောင်ကျန်ကျေးရွာ အုပ်စုမှ    ဘေးသင့်အိမ်ထောင်စု များအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၁၅၁၆၅၀၊  ဘုန်းတော်ကြီးကျောင်း အမိုးမိုးရန်  သွပ်အချပ် ၁၀၀ နှင့်  ကော့မူးသီးကျောင်း    မူလတန်း ကျောင်း အမိုးမိုးရန် သွပ်အချပ် ၃၀၀၊ လူနေအိမ်များ    ပြန်လည်ဆောက်လုပ်ရန် ငွေကျပ်သိန်း ၂၀ ၊ ကော့ရင်းနှင့် နောင်ကျန် ကျေးရွာအုပ်စုတို့မှ ပျက်စီးသွားသော  မျိုးစပါးနှင့် ပဲမျိုးစေ့များ အတွက်  ထောက်ပံ့ငွေကျပ် ၃၄၂၀၅၀၀  တို့ကိုလည်း  ထောက်ပံ့သွားမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး အဖွဲ့များနှင့်    မိသားစုဝင်များ၏ ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆက်စပ်လျက်ရှိသည့်  အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၊  ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် ပြည်တွင်းပြည်ပ  အဖွဲ့အစည်းများ အားလုံးနှင့် ဟန်ချက်ညီညီ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

     မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် မော်လမြိုင်မြို့၊ မွန်ပြည်နယ်  လူမှုဝန်ထမ်းရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မူကြိုကျောင်း အမှတ်(၁)၊ အမှတ်(၂) နှင့် အမှတ်(၃)၊ ကလေးပြုစုရေးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်ကျောင်းနှင့်  လူငယ်သင်တန်း ကျောင်းတို့ကို  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

လူမှုဝန်ထမ်း

      ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင်  မော်လမြိုင်မြို့  တောင်ဝိုင်း ဘိုးဘွားရိပ်သာ၌ ကျင်းပသည့် စေတနာ ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေများ  ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားပြီး မွန်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး  ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေး ဂိုဒေါင်တို့ကို  ကြည့်ရှု စစ်ဆေးခဲ့သည်။

လူမှုဝန်ထမ်း

     ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်း တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို)၌ ကျင်းပသော သက်ကြီးဆရာဝန်များ ထောက်ကူအဖွဲ့ (Day Care Center) နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

FacebookTwitter