ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ ဇူလိုင်လ( ၂) ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် သည်  ဇူလိုင်လ (၂)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် နေပြည်တော် ဟိုတယ်ဇုံ၊ အမရ ဟိုတယ်၌ ကျင်းပသော ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားရာတွင် အရွယ်မရောက် သေးသော ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး ကော်မတီကို စုစုပေါင်း အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပြီး မိသားစုနှင့် ပြန်လည်ပေါင်းစည်းရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ အနေဖြင့် ၂၀၁၂ ခုနှစ် အတွင်းမှာ ကလေးသူငယ် ၄၂ ဦးနှင့် ၂၀၁၃ ခုနှစ် မေလအထိ တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုသူ ကလေးသူငယ် ၃၂ ဦး စုစုပေါင်း ၇၄ ဦးကို ၎င်းတို့ မိသားစုနှင့် ပြန်လည် ပေါင်းစည်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မိသားစုနှင့် ပြန်လည် ပေါင်းစည်းရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ UN Agency, NGOs, INGOs များနှင့် ကလေးများ၏ အကျိုးစီးပွားကို ဆောင်ရွက် နေသူများဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား လိုပါကြောင်းဖြင့် ပြောကြားသည်။

    ဇူလိုင်လ(၂)ရက်နေ့မှ (၃)ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့သည့် ယင်းဆွေးနွေးပွဲတွင် အရွယ် မရောက်သေးသော ကလေးသူငယ် များအတွက် သာမက လူကုန်ကူး ခံရသူ ကလေးသူငယ် များနဲ့ ထိခိုက်ခံစားလွယ်သည့် ကလေးသူငယ်များ အတွက်ပါ ရည်ရွယ်ပြီး ၎င်းကလေးများအား မိသားစုနှင့် အဆင်ပြေ ချောမွေ့စွာ ပြန်လည် ပေါင်းစည်းပေးနိုင်ရန် အတွက် ကောင်းမွန် မှန်ကန်သော နည်းလမ်း၊ စနစ်များကို ရရှိရေး အတွက် ပွင့်လင်းစွာ ဆွေးနွေးညှိနိုင်း ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter