လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး နေပြည်တော်ရှိ မူကြိုကျောင်းများအား လိုက်လံကြည့်ရှုခြင်း
နေပြည်တော်၊ မေ (၁၂) -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ရင်သွေးရတနာနှင့် တော်ဝင်ရတနာမူလတန်းကြိုကျောင်းများသို့ သွားရောက်၍ မူလတန်းကြိုကျောင်းများ ကျောင်းဖွင့်ရာသီအတွင်း ကျောင်းဖွင့်လှစ်မှုအခြေအနေ၊ ကျောင်းများအလိုက် ကလေးဦးရေ လက်ခံစောင့်ရှောက်မှု၊ ကလေးများအား မူကြိုနည်းပညာများနှင့်အညီ ပြုစုစောင့်ရှောက်မှုတို့အား သွားရောက်စစ်ဆေး၍ မူလတန်းကြိုကျောင်းအုပ်များနှင့် ဆရာမများအားတွေ့ ဆုံ၍ ဆွေးနွေးခဲ့ပါသည်။
မွေးစမှ (၈)နှစ်အရွယ် ရှေးဦးအရွယ်ကလေးသူငယ်များအားလုံး ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ခံစားမှု၊ ပေါင်းသင်းဆက်ဆံရေးစသော ဘက်စုံဖွံ့ဖြိုးမှုသည် အရေးကြီးသဖြင့် မူကြိုအရွယ်ကလေးဘဝမှစ၍ အသက်အရွယ်အလိုက်ဘက်စုံဖွံ့ဖြိုးမှုအဆင့်နှင့် ကိုက်ညီအောင် မူလတန်ကြိုကျောင်းများ ဖွင့်လှစ်၍ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးနည်းပညာများနှင့်အညီ ပြုစုပျိုးထောင် ပေးလျက်ရှိပါသည်။
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မူလတန်းကြိုပညာရေးနှင့် ပတ်သက်၍ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD)သင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်များတွင် ရက်(၁၀၀)စီမံချက်အရ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ကလေးသူငယ် ပြုစုပျိုးထောင်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ပုဂ္ဂလိကမူကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်လျက်ရှိပြီး အဆိုပါကျောင်းများမှ မူကြိုကျောင်းများအတွက် လိုအပ်သောနည်းပညာ အကူအညီများကို ပံ့ပိုးပေးလျက်ရှိပါသည်။
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေနှင့် နည်းဥပဒေအား အတည်ပြုပြဌာန်းပြီးသည့်အတွက် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိကနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဖွင့်လှစ်ဆောင်ရွက်သည့် နေ့ကလေးထိန်းဌာနများ၊ မူလတန်းကြိုကျောင်းများအား ဥပဒေနှင့်အညီ လက်ရှိဆောင်ရွက်နိုင်မှုအခြေအနေများအား ပိုမိုလက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန် လက်ရှိဥပဒေများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးအနေဖြင့် မူကြိုပညာရေးရရှိမှု လွှမ်းခြုံမှုအားတိုးမြှင့်နိုင်ရန်အတွက် ဦးစီးဌာနမှ မူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် ရပ်ရွာအခြေပြု လုပ်ငန်းများအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိခင်ဝိုင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရပ်ရွာအတွင်း၌ ဖွင့်လှစ်လျက်ရှိသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ဦးစီးဌာနမှ နှစ်စဉ်ထောက်ပံ့ကြေးနှင့် နည်းပညာအကူအညီများ ပံံ့ပိုးပေးလျက်ရှိပါသည်။