လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးသံအမတ်ကြီးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံခြင်း
နေပြည်တော်၊ မေ (၁၈) -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၁၈ ရက်နေ့၊ နေ့လည်(၁၃း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E.Mr. Mohammad Sufiur Rahman ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံံ၏ သဘာဝဘေး အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရာတွင် စားနပ်ရိက္ခာစုဆောင်းထားရှိမှုနှင့်ပတ်သက်၍ ၎င်းတို့နိုင်ငံ၏ ရှေးရိုးစဉ်လာ ဆောင်ရွက်မှုအတွေ့အကြုံများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအတွက် ကူညီပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေး အန္တရာယ်များကို နှစ်နိုင်ငံပူးပေါင်းတုန့်ပြန်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အလားတူ(၁၄း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား International Rescue Committee (IRC-Myanmar)မှ Coutry Director ဖြစ်သူ Mr.Ralf Nico Thill ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ရခိုင်ပြည်နယ်အတွင်း ဘေးအန္တရာယ်ဖြစ်ပွားသည့် နေရာများသို့ ဝန်ကြီးဌာနနှင့် IRC တို့ပူးပေါင်းဆောင်ရွက်သည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်များရှိ ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများ၏ စခန်းများကို ပံ့ပိုးကူညီခဲ့သည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနသို့ စွမ်းဆောင်ရည် မြင့်မားရေးအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းပံ့ပိုးပေးမည့် ကိစ္စရပ်များ၊ ရက်(၁၀၀) စီမံချက်တွင် ပါဝင်သော အရေးပေါ် အခြေအနေစီမံခန့်ခွဲဗဟိုဌာန (EOC)တွင် ကူညီပေးမည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် MOU သက်တမ်းတိုးမှု ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အလားတူ(၁၅း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား Nippon Foundation မှ Executive Director ဖြစ်သူ Mr.Shuichi OHNO ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာ၌ ဝန်ကြီးဌာနနှင့် နီပွန်ဖောင်ဒေးရှင်းတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံမသန်စွမ်းသူများ အတွက် အနုပညာပွဲတော်အပြင် မြန်မာနိုင်ငံတွင် မသန်စွမ်းသူလူငယ်များသို့ ပညာသင်ကြားရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုကိစ္စရပ်များ၊ မသန်စွမ်းသူများ ဘီးတပ်ကုလားထိုင်နှင့် ခြေတု၊ လက်တုများ တပ်ဆင်ပေးမည့်စီမံကိန်း ဆောင်ရွက်ပေးမည့် ကိစ္စရပ်များ၊ ရက်(၁၀၀) စီမံချက်တွင် ပါဝင်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာဥပဒေနှင့် နည်းဥပဒေပြင်ဆင်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးရေးအတွက် လိုအပ်သော သင်တန်းများကို အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း၊ ပုဂ္ဂလိကနှင့် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။