ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၉-၅-၂၀၁၆) ရက်နေ့  နံနက်ပိုင်းတွင်  ရခိုင်ပြည်နယ်၊စစ်တွေမြို့သို့ ရောက်ရှိပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအ‌ဝေးခန်းမတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး  သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ကြိုတင်ကာကွယ်ရေး၊တုံံ့ပြန်ရေးလုပ်ငန်းများ၊တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ရေးလုပ်ငန်းများ၊လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

       ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုမှ  ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊တုံ့ပြန်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ပြည်ထောင်စုဝန်ကြီးမှ မိမိတို့နိုင်ငံသည် ပထဝီဝင်တည်ရှိပုံအနေအထား၊ရာသီဥတုအခြေအနေတို့အရ သဘာဝဘေးမျိုးစုံဖြစ်ပွားနိုင်သည့်  နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုကဲ့သို့မိုးကြိုကာလသည်မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပွားနိုင်သည့်အချိန်ကာလဖြစ်ပါကြောင်း၊မုန်တိုင်းဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်သည့် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုသည် အရေးကြီးသောကဏ္ဍဖြစ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်မှုဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများ ထိခိုက်မှုလျော့နည်းသက်သာစေမည်ဖြစ်ပါကြောင်း၊မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းရာမှ ဖြစ်‌ပေါ်လာနိုင်သည့် ရုတ်တရက်ရေကြီးရေလျှံမှုများ၊မြေပြိုမှုများကိုလည်း ဖြစ်ပွားနိုင်သည့်ဒေသအလိုက် အရေးပေါ်တုံ့ပြန်ရေးစီမံချက်များ ရေးဆွဲဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊သဘာဝဘေးတုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ဘေးအန္တရာယ်၏ ပြင်းထန်မှုအတိုင်းအဆ၊ပျက်စီးဆုံးရှုံးမှုအခြေအနေများအပေါ်မူတည်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက အဓိကတာဝန်ယူဖြေရှင်းဆောင်ရွက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ ပံ့ပိုးကူညီသည့်အခြေအနေနှင့်  ပြည်ထောင်စုအစိုးရအဖွဲ့မှ အဓိကတာဝန်ယူဖြေရှင်းဆောင်ရွက်ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ပံ့ပို‌းဆောင်ရွက်ရသည့် အခြေအနေနှစ်မျိုးဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း၊သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆက်သွယ်ရေးစနစ်သည် အရေးကြီးသဖြင့် နေပြည်တော်၌Help  Lineတယ်လီဖုန်းအမှတ်၊၀၆၇-၄၀၄၆၆၆၊ ၀၆၇-၄၀၄၇၇၇တို့အား ဖွင့်လှစ်၍(၂၄)နာရီသတင်းများ ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊Single Side Band(SSB)စနစ်အားနေပြည်တော်(ရုံးချုပ်)၊ဧရာဝတီတိုင်းဒေသကြီး(လပွတ္တာ၊ပုသိမ်၊လွှစာ)တွင်လည်းကောင်း၊ရခိုင်ပြည်နယ်(စစ်တွေ၊ကျောက်ဖြူ၊သဲတန်း)တွင်လည်းကောင်း၊စစ်ကိုင်းတိုင်းဒေသကြီး (ကလေး)နှင့်ချင်းပြည်နယ်(ဟန်ကင်)တွင်လည်းကောင်း တပ်ဆင်ထားရှိပြီး အမြဲမပြတ်သတင်းများ ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊ Kobo  Collect  MobileApplication အသုံးပြု၍ ဘေးသင့်ဒေသများတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးစာရင်း ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားပါသည်။

       ဆက်လက်၍ရခိုင်ပြည်နယ်အတွင်း  သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပုဏ္ဏားကျွန်း၊ကျောက်တော်၊ ရသေ့တောင်၊ဘူးသီးတောင်မြို့နယ်များအတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ်သိန်း(၅၀၀)အား ပြည်ထောင်စုဝန်ကြီးမှ ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ပေးအပ်ခဲ့ပါသည်။

        မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  စစ်တွေမြို့ မင်းဂံကွက်သစ်သို့သွားရောက်၍ ပြန်လည်နေရာချထားပေးသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ယင်လုံအိမ်သာ(၁၅၁)လုံး ဆောက်လုပ်နိုင်ရေး ထောက်ပံ့ငွေကျပ်သိန်း(၁၅၁)အားလည်းကောင်း ကလေးငယ်များအတွက် ကစားစရာနှင့်မုန့်များအားလည်းကောင်း ပေးအပ်ခဲ့ပါသည်။

ယင်းနောက်  ဘောဒူဖရှိ  မီးလောင်ပျက်စီးသွား၍  ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိသောတဲတန်းလျားများ ဆောက်လုပ်ပြီးစီးမှုအခြေအနေအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

        ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ သွားရောက်ကြည့်ရှုပြီး သဘာဝဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ဆက်သွယ်နိုင်ရန် တပ်ဆင်ထားရှိသော(SSB)ဆက်သွယ်ရေးစနစ်အား နေပြည်တော်၊လပွတ္တာ၊ကျောက်ဖြူတို့နှင့် လက်တွေ့ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။

       ယင်းနောက် ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းသို့ရောက်ရှိပြီး အခြေခံနှင့်အဆင့်မြင့်စက်ချုပ်သင်တန်း တက်‌ရောက်လျက်ရှိသော သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ သင်တန်းကျောင်းအစည်းအ‌ဝေးခန်းမတွင် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန(၂)ခုမှ အရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့  ကလေးပြုစုရေးဌာနသို့ရောက်ရှိပြီးကလေးငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကစားစရာနှင့်မုန့်များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter