ကျား/မ ရေးရာနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေး သင်တန်း ဖွင့်ပွဲ

နေပြည်တော်၊ မေ (၃၁) -

        ယနေ့နံနက်ပိုင်းက နေပြည်တော်၊ Hotel Max ၌ ကျင်းပပြုလုပ်သော ကျား/မ ရေးရာနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးသင်တန်း ဖွင့်ပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ကြုံတွေ့ခံစားရနိုင်ချေများသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသဖြင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရပါက ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးရေးအတွက် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို စနစ်တကျကြိုတင် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ ကလေးသူငယ်များ၊ သက်ကြီးရွှယ်အိုများ၊ မသန်စွမ်းသူများနှင့် အမျိုးသမီးများ၊ အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် သားသည်မိခင်များအား ဦးစားပေး ကူညီစောင်‌့ရှောက် ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်ကျော်သည် အမျိုးသမီးများ ဖြစ်သဖြင့် အရေးပါသော အင်အားစုတစ်ရပ် ဖြစ်ပြီး အမျိုးသမီး အခွင့်အရေးနှင့် အခွင့်အလမ်းများ ပိုမိုသေချာစေရန်နှင့် ခွဲခြားဆက်ဆံမှု မရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးခြင်းများ၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းစဉ်များနှင့် အရေးပေါ် တုန့်ပြန်ဆောင်ရွက်ရေး အစီအစဉ်များတွင် ကျား/မရေးရာ သဘာဝတရားများ ထည့်သွင်းပေါင်းစပ် ဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ UN Women Myanmar နှင့် Asian Disaster Preparedness Center, Bangkok မှ တာဝန်ရှိသူတို့မှ အမှာစကားပြောကြား ခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကျား/မ ရေးရာနှင့် ပတ်သက်သော သင်ခန်းစာများကို ဆက်လက်ပို့ချခဲ့ကြသည်။ အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနများမှ သင်တန်းသား (၃၃) ဦး တက်ရောက်ခဲ့ပြီး (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဟု သတင်းရရှိပါသည်။

FacebookTwitter