မြန်မာနိုင်ငံမှ ကျားမရေးရာ ညီမျှမှုနှင့် အမျိုးသမီး အခွင့်အရေးတို့နှင့် ပတ်သက်၍ အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်းကော်မတီသို့ အစီရင်ခံစာ တင်သွင်းမည်
မြန်မာနိုင်ငံအစိုးရ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် UN Women တို့သည် အခြားကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်ခြင်းဆိုင်ရာ သုံးသပ်ကြားနာမှု အစည်းအဝေး အတွက် ကြိုတင်လေ့ကျင့်မှုဆိုင်ရာ အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇွန်လ ( ၉ )ရက်နေ့တွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုကြိုတင်လေ့ကျင့်ဆိုင်ရာ အစည်းအဝေးသည် မြန်မာပြည်မှ ကိုယ်စားပြုသွားရောက်ကြမည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်ခြင်းဆိုင်ရာ သုံးသပ်ကြားနာမှု အစည်းအဝေးတွင် ကျားမရေးရာညီမျှမှုနှင့် အမျိုးသမီးအခွင့်အရေးတို့နှင့် ပတ်သက်၍အစီရင်ခံမှုများ ပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ပါသည်။
အစိုးရကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ပြုလုပ်သော အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်ခြင်းဆိုင်ရာ သုံးသပ်ကြားနာမှု အစည်းအဝေးသို့ တက်ရောက် အစီရင်ခံကြမည်ဖြစ်ပါသည်။
အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်ခြင်းဆိုင်ရာ သုံးသပ်ကြားနာမှု အစည်းအဝေးအတွက် ကြိုတင်လေ့ကျင့်မှုဆိုင်ရာ သင်တန်းကို သွားရောက်ကြမည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အစိုးရဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ကြပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ “မြန်မာနိုင်ငံသည် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အမျိုးသမီးများ တိုးတက်ဖွံ့ဖြိုးရေး၊ အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းနှင့် အကြမ်းဖက်ခြင်းများ ပပျောက်စေရန် အားသွန်ခွန်စိုက် ကြိုးပမ်းလျှက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၁၃-၂၀၂၂)ကိုအဓိက နယ်ပယ် ၁၂ ရပ်ထားပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖေါ်လျှက်ရှိကာ ကျားမရေးရာဆိုင်ရာ ရည်မှန်းချက်များအပါအဝင် ကမ္ဘာနှင့်အဝှမ်း သဘောတူထားသည့် ရေရှည် တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးရေးရည်မှန်းချက်များဆီသို့ ဦးတည်သွားလျှက်ရှိကြောင်း မြန်မာနိုင်ငံအစိုးရသည် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်ရေးဆိုင်ရာ ကော်မတီသို့ တင်သွင်းမည့် အစီရင်ခံစာ ရေးသားရေးအဖွဲ့ကို လူမှုဝန်ထမ်းဦးစီးဌာနက ညှိနှိုင်းဦးဆောင်ပြီး ဝန်ကြီးဌာနပေါင်းစုံ ပါဝင်ဖွဲ့စည်းခဲ့ကာ ယင်းအစီရင်ခံစာကို ကုလသမဂ္ဂနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ အကြံဉာဏ်များ ရယူခဲ့ပြီး အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်ရေးဆိုင်ရာ ကော်မတီသို့ အချိန်မှီ တင်သွင်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဝန်ကြီးမှ ယခုအခွင့်အလမ်းကို အသုံးပြု ပြီး အချက်အလက်များကို တတ်နိုင်သမျှ စုဆောင်းကာ မိမိတို့ လုပ်ဆောင်ချက်ကောင်းများကို ပြသရန်နှင့် ကျားမ ရေးရာ တန်းတူညီမျှမှုအတွက် အခက်အခဲများကို တတ်နိုင်သမျှ စုပေါင်းဖြေရှင်းရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ Dr. Jean D’ Cunha, Head of UN Women က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး တစ်ရက်တာ ပြင်ဆင်ခြင်း အစည်းအဝေးကို စတင်ခဲ့ပါသည်။