ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မုံရွာမြို့တွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက်(၁၁-၆-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်မှ (၂၄)နှစ်အရွယ် အတွင်းရှိ လူငယ်ဦးရေသည် နိုင်ငံလူဦးရေ၏ (၁၇.၈၁%) ရှိသည့်အတွက် နိုင်ငံရဲ့ကြီးမားလှတဲ့ အင်အားစုတစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အနာဂတ် နိုင်ငံတော်ကို ဦးဆောင်မယ့် လူငယ်များရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ဖန်တီးကြိုးစား ဆောင်ရွက်ကြဖို့ အလွန်အရေးကြီးပါကြောင်း၊ ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် လူငယ်မူဝါဒရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် နိုင်ငံပေါင်း(၃၀)ကျော် ရှိသည့်အနက် မြန်မာနိုင်ငံသည်လည်း တစ်နိုင်ငံ အပါအဝင်ဖြစ်ပါကြောင်း၊ လူငယ်မူဝါဒ ရေးဆွဲနိုင်ခြင်းမရှိတဲ့ နိုင်ငံများမှာ လူငယ်များ၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များ၊ အမြင်များအပေါ် အခြေခံ၍ လုံလောက်သည့် တုန့်ပြန်မှုများ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက် ရှိတာကြောင့် မြန်မာနိုင်ငံမှာလည်း လူငယ်မူဝါဒများ ရေးဆွဲဆောင်ရွက်ရန် လိုအပ်လာပါကြောင်း၊ ထို့ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ဦးဆောင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၊ UN Agenciesများ၊ လူငယ်ကိုယ်စားလှယ်များနှင့်အတူ လူငယ်မူဝါဒ ရေးဆွဲနိုင်ရန်အတွက် လူငယ်မူဝါဒရေးဆွဲရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ မူကြမ်းရေးဆွဲရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူငယ်များလည်း လူငယ်မူဝါဒ ရေးဆွဲရေးဆိုင်ရာ ကော်မတီများနဲ့ မူကြမ်းရေးဆွဲအဖွဲ့မှာ ပါဝင်ဖွဲ့စည်းနိုင်ရန် အတွက် မြန်မာနိုင်ငံလူငယ်ထုကို ကိုယ်စားပြုတဲ့ လူငယ်ကိုယ်စားလှယ်များကို ယခုကျင်းပတဲ့ (၃)ရက်တာ ကာလအတွင်း ဝိုင်းဝန်းရွေးချယ်စေလိုပါကြောင်း၊ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲတွင် လူငယ်များ အဓိကရင်ဆိုင် ကြုံတွေ့နေရတဲ့ အခန်းကဏ္ဍကြီး(၅)ရပ်ဖြစ်သည့် လူငယ်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင်၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၊ လူငယ်ရေးရာ မူဝါဒများကို ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရှိရတဲ့အတွက် ရလဒ်ကောင်းများ ရရှိအောင် ဝိုင်းဝန်းအကြံပြု ဆွေးနွေးဖို့ မှာကြားလိုပါကြောင်း စသဖြင့် အမှာစကား ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နံနက်(၁၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ဝန်ကြီးဌာနအနေဖြင့် ပြုလုပ်လျက်ရှိသော သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ရှင်းလင်းပြီး ကနေ့လာရောက် တွေ့ဆုံရခြင်းမှာ လွန်ခဲ့သော (၃)ရက်က ဖြစ်ပွားခဲ့သော ကောလင်းမြို့ ရေကြီးမှုဖြစ်စဉ်နှင့် ပတ်သက်၍ နောင်တွင် အလားတူ မဖြစ်ပွားနိုင်ရေးအတွက် ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး၍ အဖြေထုတ်ဖော်ရန် ဖြစ်ပါကြောင်း အမှာစကားပြောကြားပါသည်။
ထို့နောက် တက်ရောက်လာသူများ၏ ဆွေးနွေးချက်များအရ ကောလင်းမြို့ ရေကြီးမှုဖြစ်စဉ် အခြေခံအကြောင်းဖြစ်သော ဒေါင်းမြူးချောင်းကို ရေစီးရေလာ ဖြောင့်ဖြူးစွာ စီးဆင်းနိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် လိုအပ်သော အစီအမံများ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအဆင့်မှ ပညာရှင်များပါဝင်သော အဖွဲ့တစ်ဖွဲ့စေလွှတ်၍ မြေပြင်ကွင်းဆင်း တိုင်းတာဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိရပါသည်။
ထို့အပြင် မုံရွာမြို့ ချင်းတွင်းမြစ်ရိုး တာပေါင်ကြံ့ခိုင်ရေးနှင့် ဂလိုင်ထူးပေါက်များ မရှိစေရေးအတွက် မိုးတွင်း ကာလတွင် စနစ်တကျ စောင့်ကြည့်ပြုပြင်ရေးများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ဌာနအလိုက် အသီးသီးတင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးမှ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှုနှင့်ပတ်သက်၍ ဆွေးနွေးချက်များအား ပြန်လည်အကြံပြု ဆွေးနွေးပေးခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနမှ နှစ်စဉ် ထောက်ပံ့ ပေးလျက်ရှိသော ဘိုးဘွားရိပ်သာနှင့် ပရဟိတဂေဟာများသို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ငွေကျပ် (၇၉၉၇၈၀၀၀) နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကူညီကယ်ဆယ်ရေးများ ပြုလုပ်ရန် အတွက် ဖိုင်ဘာလှေ (၃)စီး ဝယ်ယူရန် ငွေကျပ်သိန်း(၅၀)အား ပေးအပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီးမှ လက်ခံရယူပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနသည် (၉-၆-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကောလင်းမြို့ ရေကြီးရေလျံှမှုတွင် ထိခိုက်ခံစားခဲ့ရသော အိမ်ထောင်စု (၅၅၂၈)စု၊ လူဦးရေ (၂၅၂၄၂)ဦးအတွက် ဆန်(၃)ရက်စာ၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်၊ စက်သုံးဆီများအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၂၄၃၆၄၇၀၀)ကျပ်အား တာဝန်ရှိသူများထံသို့ ထောက်ပံ့ ပေးခဲ့ပါသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ် ဧပြီလနှင့် မေလတွင် လေပြင်းတိုက်ခတ်မှု (၆၀)ကြိမ်၊ မီးလောင်မှု (၁၁)ကြိမ် ဖြစ်ပွားခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးအနေဖြင့် ထောက်ပံ့မှုစုစုပေါင်း ငွေကျပ် (၂၄၂၃)သိန်း ထောက်ပံ့ပြီးဖြစ်ပါသည်။
ကောလင်းမြို့ ရေကြီးလျှင်ကြီးချင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကောလင်းမြို့သို့သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ ရိက္ခာထောက် ပံ့ခြင်းများ ဆောင်ရွက်ကာ ကောလင်းမြို့နယ် အုပ်ချုပ်ရေးဌာန အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၍ ရေကြီးမှု ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေး လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံ၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဦးစီးမှူးရုံးနှင့် နေ့ကလေးထိန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်၍ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။