လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား နိုင်ငံတကာအဖွဲ့အစည်း၊ ပြည်တွင်းအဖွဲ့အစည်းများမှ သီးခြားစီ လာရောက်တွေ့ဆုံခြင်း
နေပြည်တော်၊ ဇွန်လ(၂၂) -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ ၂၂ရက်နေ့၊ နေ့လည်(၁၃း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Agence Francaise Developpment အဖွဲ့အစည်းမှ Health Expert,Health and Welfare Division in Paris ဖြစ်သူ Mr.Philippe Lagier ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ လူမှုကာကွယ် စောင့်ရှောက်ရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာန၏ ဦးစားပေး လုပ်ငန်းစဉ်ဖြစ်သည့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ပါ ကိစ္စရပ်များ၊ ရက်(၁၀၀)စီမံချက်ပါ ကိစ္စရပ်များ၊ သက်ကြီးရွယ်အို ထောက်ပံ့ရေးကိစ္စရပ်များ၊ ချင်းပြည်နယ်တွင် ဆောင်ရွက်ရန် စီမံလျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အလားတူ နေ့လည် ( ၁၅း၀၀ ) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား ငြိမ်းချမ်းမြန်မာ ကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်းမှ ဥက္ကဌဖြစ်သူ ဒုတိယဗိုလ်မှူးကြီးသန့်ဇင် (အငြိမ်းစား) ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ မိုင်းကြောင့် ကိုယ်အင်္ဂါမသန်စွမ်း ဖြစ်ခဲ့ရသူများအား ကူညီထောက်ပံ့ရေး ကိစ္စရပ်များနှင့် မိုင်းအန္တရာယ်ရှိနေဆဲ ဒေသများတွင် မိုင်းအန္တရာယ် အသိပညာပေးခြင်းများ ပြုလုပ်ရေးကိစ္စရပ်များကို လူမှုဝန်ထမ်းဦးစီးဌာန၊ ယူနီဆက်တို့နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ မြေမြှပ်မိုင်းအန္တရာယ် ကင်းဝေးရေးလုပ်ငန်းစဉ်များတွင် မိုင်းကင်းစင်သော မြန်မာနိုင်ငံ ဖြစ်ပေါ်ရေးအတွက် စည်းရုံးလှုံ့ဆော် ပညာပေးလုပ်ငန်းအတွက် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့်ပဲခူးတိုင်းဒေသကြီး(အရှေ့)တို့တွင် မြေမြှပ်မိုင်း ရှင်းလင်းရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အလားတူ ညနေ( ၁၆း၀၀ ) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား သြစတြီးယားနိုင်ငံရှိ “Four Paws International (FPI)”မှ ဒါရိုက်တာဖြစ်သူ Dr.Amir Khalil ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ သဘာဝအန္တရာယ် ကြုံတွေ့လာပါက လူများသာမက တိရိစ္ဆာန်များကိုပါ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း၊ တိရိစ္ဆာန်များအတွက် ယာယီတဲများ ဆောက်လုပ်ပေးခြင်း၊ ပြန်လည်နေရာ ချထားပေးခြင်း၊ ရေနှင့် တိရိစ္ဆာန် အစားအစာများ၊ ဆေးဝါးများ ဖြန့်ဝေထောက်ပံ့ခြင်း၊ ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် တိရိစ္ဆာန်များကို ပြန်လည်အစားထိုး ထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။